Home သတင်း မင်နီဆိုးတားမှ အဖမ်းခံရသည့် ကရင်ဒုက္ခသည်အမျိုးသမီး ပြန်လွတ်လာ

မင်နီဆိုးတားမှ အဖမ်းခံရသည့် ကရင်ဒုက္ခသည်အမျိုးသမီး ပြန်လွတ်လာ

521
Photo: Social Media

ဇန်နဝါရီ ၂၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အမေရိကန်နိုင်ငံ၊ မင်နီဆိုးတားပြည်နယ်၊ စိန့်ပေါလ်မြို့တွင် အမေရိကန်လူဝင်မှုနှင့် အကောက် ခွန်ကြီးကြပ်ရေးအဖွဲ့-ICE ၏ နှစ်ပတ်ကျော်ကြာ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့် ဒုက္ခသည် ကရင်အမျိုးသမီးတစ်ဦး ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးကို ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ICE အာဏာပိုင် အဖွဲ့များက နေအိမ်၌ လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထိုနေ့တွင်ပင် တက္ကဆက်ပြည်နယ်ရှိ လူဝင်မှုကြီးကြပ်ရေး အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ပြီး (၁၆) ရက်ကြာ ထိန်းသိမ်းခဲ့ပြီးနောက် ယခုလို ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။

“ဖမ်းဆီးခံရပြီး ကလေးလေးယောက်နဲ့ ခွဲခွာထားခံခဲ့ရတဲ့ ညီမတစ်ယောက် မကြာခင်မှာ မိသားစုနဲ့ ပြန်လည်တွေ့ဆုံနိုင်တော့မယ်ဆိုတာ ကြားရလို့ အရမ်းဝမ်းသာမိတယ်။ မင်နီဆိုးတားနဲ့ တက္ကဆက်ရှိ ကရင်အသိုင်းအဝိုင်းတွေက ဥပဒေရေးရာ၊ အလှူအတန်း၊ ကလေးစောင့်ရှောက်မှု စတဲ့ အရာအားလုံးနဲ့ ပူးပေါင်းကူညီပေးခဲ့ကြတာကိုလည်း လေးစားပြီး ကျေးဇူးတင်ရပါတယ်” ဟု သူမနှင့် နီးစပ်သူတစ်ဦးက လူမှုကွန်ရက်စာမျက်နှာမှတဆင့် ရေးသားဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က နယ်စပ်ဒုက္ခသည်စခန်းမှတဆင့် အမေရိကန်နိုင်ငံသို့ ဒုက္ခသည်အနေဖြင့် ရောက်ရှိလာသူ ကရင်အမျိုးသမီးသည် ဖမ်းဆီးခံရချိန်တွင် နေထိုင်ခွင့်ကတ် (Green Card) လျှောက်ထားဆဲ ဖြစ်ကြောင်း တရားဝင်နေထိုင်ကြောင်းစာရွက်စာတမ်း ပြနိုင်ခဲ့သော်လည်း ICE ဖမ်းဆီးခေါ်ဆောင်သွားခံရခြင်းဖြစ်ကြောင်း မင်နီဆိုးတားရှိ ကရင်အသိုင်းအဝိုင်းထံမှ သိရသည်။

ဖမ်းဆီးခံရသည့် ကာလအတွင်း ၅ လအရွယ် နို့စို့ကလေးငယ် အပါအဝင် သားသမီး ၄ ဦးရှိသည့် ၎င်းအမျိုးသမီး၏ မိသားစုဝင်များအား နီးစပ်သူများက ဝိုင်းဝန်းစောင့်ရှောက်ထားကြောင်းလည်း မင်နီဆိုးတား ကရင်အသိုင်းအဝိုင်းထံမှ သိရသည်။

လက်ရှိ ပြန်လည်လွတ်မြောက်လာသော ကရင်အမျိုးသမီးသည် တက္ကဆက်ပြည်နယ်တွင်သာ ရှိနေသေးကြောင်း၊ သူမ၏ မိသားစုရှိရာ စိန့်ပေါလ်မြို့သို့ ပြန်လည်ရောက်ရှိရန် စီစဉ် ဆောင်ရွက်နေပြီဖြစ်ကြောင်း ကရင်လူမှုအသိုင်းအဝိုင်းမှ လိုက်လံကူညီပေးနေသူများထံမှ သိရသည်။

ICE ၏ စစ်ဆေးမှုသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း အမေရိကန်သို့ ရောက်ရှိ နေထိုင်သည့် မြန်မာနိုင်ငံမှ ဒုက္ခသည်များကို ပြန်လည်စစ်ဆေးမည့် စီမံချက်တစ်ခုဖြစ်ပြီး မင်နီဆိုး တားပြည်နယ် အတွင်း၌ပင် ရောက်ရှိနေထိုင်ကြသည့် မြန်မာနိုင်ငံမှ ဒုက္ခသည် နှစ်သောင်းကျော်ရှိသည်ဟု သိရသည်။

ထို့အပြင် အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် ယာယီအကာအကွယ်ပေးမှုအစီအမံ-TPSကို ယခုလ ဇန်နဝါရီလ(၂၆)ရက်နေ့မှစပြီး ရုပ်သိမ်းတော့မည်ဟု အစိုးရဒေါ်နယ်ထရမ့်က ကြေညာထားသော်လည်း အမေရိကန် ဖက်ဒရယ်တရားရုံးက အဆိုပါ TPS ဖျက်သိမ်းမှုကို ရပ်ဆိုင်းထားရန် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် အမိန့်ထုတ်ပြန်ထားသည်။