Home သတင်း လက်နက်ကြီးကြောင့် အလူးကြီးရွာသူ မြေးအဖွား ၂ ဦးသေဆုံး၊ အမျိုးသမီးတစ်ဦးဒဏ်ရာရ

လက်နက်ကြီးကြောင့် အလူးကြီးရွာသူ မြေးအဖွား ၂ ဦးသေဆုံး၊ အမျိုးသမီးတစ်ဦးဒဏ်ရာရ

570
Photo: CJ

ဇန်နဝါရီ ၂၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင်၊ တပ်မဟာ(၁)၊ ဘီးလင်းမြို့နယ်၊ အလူးကြီး ကျေးရွာတွင် ယမန်နေ့(ဇန်နဝါရီ ၂၆ရက်နေ့)က စစ်အုပ်စုပစ်ခတ်လိုက်သည့်လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲပြီး မြေးအဖွား(၂)ဦးသေဆုံး၍ အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်အရ သိရသည်။

ယမန်နေ့၊ နေ့လည်အချိန်က စစ်အုပ်စုခြေမြန်တပ်ရင်း အမှတ်-၄၄လက်အောက်ရှိ ဘီးလင်းမြို့အခြေစိုက် ခြေလျင်တပ်ရင်း(ခလရ-၃) မှ ပစ်ခတ်လိုက်သည့် ၁၂၀ မမ လက်နက်ကြီးတစ်လုံးသည် အလူးကြီးကျေးရွာနေ နော်အေးဝင်း အသက်(၅၉)နှစ်တို့ မိသားစုနေအိမ်ပေါ် တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

လက်နက်ကြီးကြောင့် နော်အေးဝင်းနှင့်မြေးမဖြစ်သူ အသက်(၃)နှစ်အရွယ် ကလေးငယ်ပွဲချင်းပြီးသေဆုံး၍ အသက်(၂၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ကေအဲန်ယူ၊ ဒူးသထူခရိုင်တာဝန်ရှိသူနှင့် ဒေသခံများကဆိုသည်။

“လက်နက်ကြီးကျတဲ့အချိန်မှာ အိမ်သားတွေကထမင်းချက်နေကြတာ၊ အဲ့မှာသူ့အဖွားလည်းဆုံး၊ မြေးလည်းဆုံးတယ် ကလေးလေးဆို(၃)နှစ်ပဲရှိသေးတာ။ အဲ့ဒီအဖွားရဲ့သမီးတစ်ယောက်လည်း ဒဏ်ရာရတယ် ၊ အသက်အန္တရာယ်တော့မရှိဘူး။ လက်နက်ကြီးကျပြီးအိမ်လည်းမီးလောင်တော့ ပိုက်ဆံ(၃၈)သိန်းလည်းပါသွားတယ်ပြောတယ်” ဟု အလူးကြီးရွာသားတစ်ဦးက ပြောသည်။

တိုက်ပွဲမဖြစ်ဘဲ စစ်အုပ်စုပစ်ခတ်သည့် ရွာအနောက်ဘက်ကမ်းရှိနေအိမ်ပေါ် လက်နက်ကြီး ကျသောဖြစ်စဥ်အပြင် အလူးကြီးရွာအနီး ဖိုးဝသိမ်ကျေးရွာတွင်လည်း ခလရ-၃ မှလက်နက်ကြီး နောက်ထပ်တစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း ကေအဲန်ယူ-ဒူးသထူခရိုင်ထံမှ သိရသည်။

Photo: CJ

ဖိုးဝသိမ်ကျေးရွာတွင်မူ စိုက်ခင်းထဲလက်နက်ကြီးကျရောက်သောကြောင့် စိုက်ပျိုးသီးနှံအချို့ပျက်စီးမှုမှလွဲ၍ ထိခိုက်ဒဏ်ရာရသူမရှိဟု ခရိုင်ဘက်က ဆိုသည်။

ဘီးလင်းဒေသခံ ကေအဲန်ယူအဖွဲ့ဝင်အမျိုးသမီးတစ်ဦးက “အခုတော့လူတွေမနေတော့ဘူး၊ အလူးကြီးရော ဖိုးဝသိမ်ရော လူတွေပြေးကုန်ကြပြီ” ဟု ကေအိုင်စီသို့ ပြောသည်။

ရန်ကုန်-မော်လမြိုင်ကားလမ်းကြီးနံဘေးရှိ အလူးကျေးရွာအုပ်စုတွင် စစ်အုပ်စု စစ်ကြောင်းအသွားအလာရှိပြီး တိုက်ပွဲမရှိဘဲနှင့်လည်း လက်နက်ကြီးပစ်ခတ်မှု လုပ်ဆောင်လေ့ရှိသောကြောင့် ဒေသခံထိခိုက်သေဆုံးမှု မကြာခဏဖြစ်ပွားလေ့ရှိသည့် နယ်မြေဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ(၂၄)ရက်နေ့ကလည်း အလူးကြီးရွာဘုန်းကြီးကျောင်းသို့ ကျရောက် ပေါက်ကွဲသည့် စစ်အုပ်စုလက်နက်ကြီးကြောင့် ဘုန်းကြီးကျောင်းလာသူ အမျိုးသမီး(၃)ဦး ထိမှန်သေဆုံးခဲ့ရသေးသည်။