ဇန်နဝါရီ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်၊ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်မှုနယ်မြေ၊ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ ကရင်လူငယ်အစည်းအရုံး (KYO) ၏ (၄) ကြိမ်မြောက် ကွန်ဂရက်ကို ကျင်းပခဲ့ပြီး ခေါင်းဆောင်သစ်များကို ရွေးကောက်တင်မြှောက်ခဲ့သည်ဟု ကေအဲန်ယူက ယနေ့ ထုတ်ပြန်သည်။
ဇန်နဝါရီလ ၁၃ ရက်နှင့် ၁၄ ရက်နေ့အထိ ကျင်းပသည့် အဆိုပါ ကရင်လူငယ်ကွန်ဂရက်တွင် အရွေးကောက်ခံ ကိုယ်စားလှယ် (၄၁) ဦးထဲမှ ဥက္ကဋ္ဌအဖြစ် စောအယ်သဘလေးထူး၊ အတွင်းရေးမှူး စောကဲဒို့၊ စည်းရုံးရေးနှင့် ပြန်ကြားရေးတာဝန်ခံ စောခိုင်ဦး၊ လူမှုရေးတာဝန်ခံ စောအောင်နိုင်ဦး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတာဝန်ခံ နော်စပယ်၊ ဘဏ္ဍာရေးတာဝန်ခံ နော်ကြည်ဝေး နှင့် စာရင်းစစ်တာဝန်ခံ နော်စန္ဒာဦးတို့ကို ရွေးကောက်တင်မြှောက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ လူငယ်ကွန်ဂရက်သို့ ခရိုင်အဆင့် KYO ခေါင်းဆောင်များ၊ ဘီးလင်းမြို့နယ် ဥက္ကဋ္ဌ ပဒိုစောကျော်ကျော်၊ ကျေးရွာအုပ်စု KYO ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ မြို့နယ်အတွင်း ကရင်လူငယ်ကိုယ်စားလှယ်များ၊ မြို့နယ်ကရင်အမျိုးသမီးအစည်းအရုံး ဒုဥက္ကဋ္ဌနှင့် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ စုစုပေါင်း လူဦးရေ (၆၀) ကျော် တက်ရောက်ခဲ့သည်။

ကွန်ဂရက်တွင် (၄) နှစ်တာအတွင်း အစီရင်ခံစာနှင့် လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ် အတည်ပြုခဲ့သည်ဟု KYO က ထုတ်ပြန်ထားသည်။
ကွန်ဂရက် မကျင်းပမီ ဇန်နဝါရီလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် ကျေးရွာအုပ်စု ကရင်လူငယ် ကိုယ်စားလှယ်များကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အခြေခံလမ်းစဉ်နှင့် လုပ်ငန်းစဉ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ သင်တန်းပေးပို့ပြီး ဗဟိုအဆင့် ကရင်လူငယ်အစည်းအရုံး၏ (၁၀) နှစ်တာ လှုပ်ရှားဆောင်ရွက်မှုများကို ချပြခဲ့သည်ဟု သိရသည်။



















