Home ဆောင်းပါး လေကြောင်းရန်များနဲ့ လူသောဒေသ ပုံရိပ်လွှာ

လေကြောင်းရန်များနဲ့ လူသောဒေသ ပုံရိပ်လွှာ

885

လေကြောင်းရန်များနဲ့ လူသောဒေသ ပုံရိပ်လွှာ

နန်းဝေဖြိုးဇာ

(ဒီဇင်ဘာ ၂၄၊ ၂၀၂၅ ခုနှစ်)

တော၊ တောင် သဘာဝများနဲ့ လူသောမြို့လေးဟာ ပုံမှန်အားဖြင့် အေးချမ်းသာယာလှပလျှက်ရှိပါတယ်။ လူသောြမို့ နယ်ဟာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၅၊ မူတြော်(ဖာပွန်)ခရိုင်ထဲမှာပါဝင်ပြီး ကေအဲန်ယူရဲ့ စီမံအုပ်ချုပ်ရေးနယ်မြေတစ်ခု ဖြစ်ပါတယ်။

ဒီဇင်ဘာလရဲ့ ခြောက်သွေ့အေးမျှမှုနဲ့အတူ သဘာဝတော၊ တောင်များကြောင့် လူသောမြို့နယ်ဟာ ချမ်း၊ စိမ့်၊ အေးမြ လျှက်ရှိပါတယ်။ လူသောဒေသခံ ရွာသူရွာသားများဟာလည်း မြူစင်ပြီး ရိုးရှင်းစွာ နေထိုင်တတ်သူများဖြစ်ကာ တောရွာဓလေ့ အငွေ့ အသက်များဖြင့် လွှမ်းခြုံထားနေတာကို ကနဦး သတိပြုမိခဲ့ပါတယ်။

လူသောမြို့နယ်ထဲက ရွာတစ်ရွာမှာ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)က ၂၀၂၅၊ ဒီဇင်ဘာ ၁၀ရက်နေ့မှာ ကျရောက် တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အတွက် အသိပညာပေး အစီစဉ်တစ်ခု လာရောက်ပြုလုပ်ခဲ့ပါတယ်။

လူတိုင်းမှာရှိရမယ့် လူ့အခွင့်အရေးတွေနဲ့ပတ်သက်ပြီး လူသောမြို့နယ်ထဲက ဒေသခံ လူငယ်၊ လူရွယ်တွေ၊ ကလေး တွေနဲ့ လူကြီးတွေဟာ ညဘက် မီးရောင်မှိန်ပျပျနဲ့ အခမ်းအနားကို တက်ရောက်လာတာ တွေ့ရပါတယ်။ KHRG အဖွဲ့ ဝင်တွေကလည်း လူသားတိုင်းရဲ့ မွေးရာပါ အခွင့်အရေးကို သိနားလည်အောင် ဉာဏ်စမ်းပဟေဋိ မေးခွန်းတွေ၊ စကား ရည်လုပွဲတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် အသိပညာပေးနေကြပါတယ်။

အစီအစဉ် အရှိန်ကောင်းနေချိန် ဒီဇင်ဘာ ၉ ရက်၊ ည ၁၀ နာရီခန့်မှာ “ကဘောယူဟဲ”…”ကဘောယူဟဲ” (လေယာဉ် လာတယ်) ဟု ကရင်စကားနဲ့ လူအုပ်ထဲက အသိပေးသံထွက်ပေါ်လာပြီး ချက်ချင်းဆိုသလို အခမ်းအနား တက်ရောက် လာတဲ့သူတွေ ဘေးကင်းမယ်ထင်တဲ့ နီးစပ်ရာတောအုပ်ထဲကို နောက်လှည့်မကြည့်ဘဲ ပြေးကုန်ကြရပါတယ်။

ညအချိန် ပြေးရလို့ မှောင်မဲနေပေမဲ့ ဓါတ်မီးမထိုးကြဖို့ နယ်မြေတာဝန်ရှိလူကြီးတွေရဲ့ စကားပြောစက်ထဲက အသိပေး စကားသံလည်း ထွက်နေပါတယ်။ မီးရောင်မြင်ရင် ကောင်းကင်က လေယာဉ်ကနေ ဗုံးကြဲချမှာစိုးလို့ ဖြစ်ပါတယ်။ အဲဒီ နေ့က လေယာဉ်နှစ်ကြိမ် လာဝဲပျံပြီး အခမ်းအနားလည်း ဖျက်လိုက်ရပါတယ်။

ဒီအဖြစ်အပျက်ဟာ လူသောဒေသခံတွေအတွက်တော့ မကြာခဏကြုံတွေ့နေရတဲ့ အခြေအနေမျိုးပါပဲ။
အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ မိသားစုဝင်တွေ ဒဏ်ရာပြင်းထန်စွာရရှိသွားတဲ့ စောလားမူးက သူ့အဖြစ်အပျက်ကို ဖွင့်ဟပြောပြပါတယ်။

လူသောမြို့နယ်၊ ကူးဒေးရွာက စောလားမူးဟာ ဆောင်းရာသီဝင်စချိန် ပြီးခဲ့တဲ့ နိုဝင်ဘာလ နံနက်ခင်းချိန်မှာ ဇနီးသည်နဲ့ အတူ တောင်ယာလုပ်ငန်းခွင်ထဲကို ရောက်နေချိန်ဖြစ်ပါတယ်။ လူသောမြို့နယ်ထဲမှာ တိုက်ပွဲတွေမရှိလို့ ရွာထဲကို လေယာဉ် ဗုံးလာမကြဲလောက်ဘူးလို့ သူ ထင်ခဲ့တာပါ။ ဒါပေမဲ့ ရွာထဲကို တိုက်လေယာဉ်လာပြီး ဗုံးကြဲသွားလို့ တောင်ယာလုပ်ငန်းခွင်ကနေ အိမ်ကို သူ အပြေးပြန်လာခဲ့ပါတယ်။

သူ့အိမ်တည့်တည့် ဗုံးကြဲချခံလိုက်ရပြီး အိမ်အပျက်အစီးတွေကြားထဲမှာ သူ့သမီးနဲ့ တူမဖြစ်သူတို့ သွေးအိုင်ထဲ လဲကျ နေတာတွေ့ပြီး သူ့ရင်တွေ ပူလောင်သွားပါတယ်။

စောလားမူးရဲ့သမီးဟာ အိမ်မှာမနေဘဲ ကျောင်းက အဆောင်မှာသွားနေတာပါ။ တိုက်ဆိုင်စွာပဲ သူ့သမီးဟာ ကျောင်း အဆောင်ကနေ အိမ်ပြန်လာပြီး လိုအပ်တဲ့ ဆန်၊ ဆီ စတဲ့ ရိက္ခာတွေ ပြန်လာယူချိန် ဗုံးကြဲခံရပြီး အခုလို ဒဏ်ရာရသွား တာ ဖြစ်ပါတယ်။ သူ့သမီးပြန်လာလို့ အိမ်လာလည်တဲ့ တူမဖြစ်သူဟာလည်း ဗုံးကြဲခံရချိန်နဲ့ တိုးသွားတာ ဖြစ်ပါတယ်။

“သူ အိမ်ပြန်ရောက်တဲ့အချိန် ကျနော်တို့က တောင်ယာသွားတာ သမီးအိမ်ပြန်ရောက်တော့ ထမင်းစားပြီး ရေတောင် မသောက်ဖြစ်လိုက်ဘူး။ သူ့တစ်ဝမ်းကွဲ ညီမတစ်ယောက်ကလည်း သူ့အစ်မ အိမ်ပြန်လာတော့ အိမ်မှာလာလည်ရင်း အိမ်ထဲမှာရှိတဲ့နှစ်ယောက်စလုံးကို ဗုံးထိသွားတယ်။”ဟု ဖခင်ဖြစ်သူ စောလားမူးက ပြောပါတယ်။

မူတြော်ခရိုင်ထဲမှာ ကာကင်းစခန်း အပါအဝင် အာဏာသိမ်းစစ်တပ်ရဲ့ စစ်စခန်း ၆၀ကျော်ရှိတဲ့အနက် စစ်အာဏာသိမ်း ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ စခန်း ၅၁လုံးကို ကေအဲန်ယူက သိမ်းယူခဲ့ပြီး စစ်တပ် က သူတို့ရဲ့စခန်းတချို့ကို စွန့်ခွာသွားတာတွေလည်း ရှိပါတယ်။

ကျန်သေးတဲ့ စစ်တပ်စခန်းတစ်ချို့ကို ရိက္ခာပို့တာနဲ့ အင်အားဖြည့်ဖို့လာတဲ့ စစ်တပ်ကို ကေအဲန်ယူက ကြားဖြတ်တိုက် ခိုက်တာခံရလို့ လာလို့မရတဲ့အခြေအနေပါ။ ဒီလိုအခြေအနေကြောင့် စစ်တပ်က သူတို့စခန်းကို ရိက္ခာပို့ဖို့ လေကြောင်း ကို အသုံးပြုရပါတယ်။ လေကြောင်းက ရိက္ခာပို့ချိန်တိုင်း အနီးအနားကို ဗုံးကြဲပြီး ရိက္ခာတွေကို ချပေးလေ့ရှိပါတယ်။

စစ်တပ်စခန်းတွေ နည်းလာတာကြောင့် ပြည်သူတွေဟာ အေးအေးချမ်းချမ်းနေရမယ်လို့ ထင်ထားပေမယ့်လည်း ထင်ထားသလောက် မငြိမ်းချမ်းသေးသလို စစ်ရှောင်တွေ တိုးများလာနေဆဲပဲ ဖြစ်ပါတယ်။

မူတြော်ခရိုင်ထဲက ပြည်သူလူထုအများအပြားဟာ တချို့၊ ရွာကို စွန့်ပြီး လပေါင်းများစွာ စစ်ရှောင်နေရသလို တချို့ ကတော့ အချိန်ပိုင်း စစ်ရှောင်အဖြစ်နဲ့ နေရပါတယ်။ အချိန်ပိုင်း စစ်ရှောင်ဆိုတာကတော့ ဝေဟင်မှာ ဒရုန်းအသံကြား တာဖြစ်ဖြစ်၊ လေယာဉ်အသံကြားတာဖြစ်ဖြစ် ရွာထဲမှာမနေရဲဘဲ တော၊ လျှို၊ တောင်ကြားတွေထဲမှာ ခဏတဖြုတ် စစ်ရှောင်နေသူတွေပဲ ဖြစ်ပါတယ်။

တချို့ကတော့ နေ့အချိန် ရွာထဲမှာ ထမင်းဟင်းပြန်ချက်၊ စာသင်နေတဲ့ ကလေးတွေကတော့ ကျောင်းပြန်တက်ပြီး ညအချိန်ရောက်တဲ့အခါမှာတော့ လုံခြုံမယ်ထင်တဲ့ တောလျှိုတွေထဲမှာ ပြောင်းရွှေ့အိပ်နေရပါတယ်။

ဖောဟိုခီးရွာက သားသမီး ၆ ယောက်ဖခင် စောဒါးမူကတော့ စစ်တပ်လေယာဉ်ဗုံးလာကြဲရင် ရှောင်ဖို့အတွက် တောထဲမှာ “လေယာဉ်ရှောင်တဲ” တစ်လုံးသွားဆောက်ထားပြီး ညအချိန်မှာ သွားရှောင်နေရတယ်လို့ ဆိုပါတယ်။ “ကျနော်တို့ရွာရဲ့ တစ်တောင်ကျော်မှာ တပ်စခန်းရှိတော့ လေယာဉ်ခဏခဏလာတယ်။ လေယာဉ်လာပြီးဆိုရင် ကျနော်တို့ကလေးတွေကငယ်တော့ ပြေးဖို့မမှီတော့ တဲတစ်လုံးသွားဆောက်ထားပြီး ကလေးတွေနဲ့ အဲဒီတဲမှာ သွားနေရတယ်။”လို့ သူက စစ်ရှောင်နေရတဲ့အခြေအနေကို ပြောပြပါတယ်။

တစ်ဖက်မှာလည်း ဝမ်းစာအတွက်က လုပ်ကိုင်နေရသေးတာကြောင့် တောထဲက သွားဆောက်ထားတဲ့ လေယာဉ် ရှောင်တဲ့တဲမှာ ညတိုင်း သွားအိပ်လို့မဖြစ်တဲ့အခါ စိုးရိမ်စိတ်တွေနဲ့ ရွာထဲမှာ အိပ်ရင် အိပ်တစ်ဝက် နိုးတစ်ဝက်နဲ့ နေရတယ်လို့ ဆိုပါတယ်။

လေယာဉ်မကြာခဏလာလို့ တောင်ယာလုပ်ငန်းခွင်ထဲသွားချိန် အိမ်မှာကျန်ခဲ့တဲ့ သားသမီးတွေကို စိတ်မချတာ ကြောင့် အလုပ်ထိခိုက်ရတာတွေ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ကျေးရွာအနီးကို လေယာဉ်လာတာ ဒရုန်းပျံသန်းတာတွေ မကြာခဏရှိနေတဲ့အတွက် မူတြော်ဒေသက ပြည်သူတွေ အချိန်ပိုင်း စစ်ရှောင်နေရတာဟာ ပုံမှန်လို ဖြစ်နေပါပြီ။

၂၀၂၄ ခုနှစ်နောက်ပိုင်း ကော်သူးလေ‌ဒေသမှာ စစ်အုပ်စုရဲ့ အရပ်သားအပေါ် လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှု ၁၄ရာခိုင်နှုန်းအထိ တိုးလာနေတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN)က ဒီဇင်ဘာလထဲ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော်သူးလေဒေသမှာ ၂၀၂၄ ခုနှစ်တုန်းက စစ်ရှောင် ၁,၀၅၂,၇၂၉ ဦး ရှိရာကနေ ၂၀၂၅ နှစ်မှာ ၁,၂၀၄,၉၃၂ ဦးထိ ရှိလာပါတယ်။ မူတြော်ခရိုင်ထဲမှာ ၂၀၂၄ ခုနှစ်က စစ်ရှောင် ၃၈,၃၉၆ ဦး ရှိရာကနေ ၂၀၂၅ ခုနှစ်မှာ ၇၃,၄၈၈ ဦးထိ ရှိတယ်လို့ KPSN က ပြောပါတယ်။

လူသောမြို့နယ်မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတုန်းက ပထမဦးဆုံးအကြိမ် လေယာဉ်ဗုံးလာကြဲချိန် ဗုံးစထိမှန်တာကြောင့် လယ်မူပလောကျေးရွာအုပ်စု ထီးသယ်ခီးရွာမှာနေတဲ့ နော်ဘယ်ထူးတစ်ယောက် ဘယ်ဖက်မျက်လုံး ထိခိုက်သွားတာ ကြောင့် အမြင်မှုန်ဝါးနေရသလို နားတစ်ဖက်ကလည်း မကြားရတော့ပါဘူး။

“ကျမကလေးအဖေရှိတဲ့ ဒေပူးနိုရွာမှာ သွားနေတဲ့အချိန်မှာ လေယာဉ်လာကြဲတော့ အနည်းငယ်ထိသွားတယ်။ အခု ကျမ ရွာမှာပြန်လာနေတော့လည်း အေးချမ်းလားဆိုရင် ရွာက အေးချမ်းတယ်။ လေယာဉ်တွေက ခဏခဏလာတော့ ကြောက်ပြီး တောထဲခဏခဏ သွားရှောင်နေရတယ်။”လို့ သူမက ပြောပါတယ်။

လေယာဉ်မလာတဲ့နေ့တွေဆို စစ်တပ်ရဲ့ ဒရုန်း ညစဉ် လာရောက်ပျံနေတာကြောင့် ညအချိန်ရောက်ရင် မီးမဖွင့်ရဲဘဲ အမှောင်ထဲမှာပဲ နေကြရပါတယ်။ ကျေးရွာတွေမှာ အိမ်သုံး ဆိုလာမီးကို သုံးနေကြတဲ့အချိန်မှာ မူတြော်ဒေသက ရွာအချို့မှာလည်း မီးလုံးတစ်လုံးစာလောက် ဖွင့်လို့ရတဲ့ ဆိုလာမီးလုံးတွေကို အိမ်တော်တော်များများက ဝယ်ထားပါ တယ်။

သို့သော် မီးလုံးအလင်းရောင်ကို လေယာဉ်၊ ဒရုန်းကနေတစ်ဆင့် နောက်ယောင်ခံလိုက်မှာကြောက်လို့ သူတို့တွေ မီးမဖွင့်ရတဲ့အချိန်က ပိုများပါတယ်။

ကြောက်ရွံ့မှုတွေ၊ တိမ်းရှောင်ရမှုတွေ ညအချိန် မီးအလင်းရောင်ဖွင့်လို့ မရတာတွေကြောင့် သူတို့ဒေသက ကျောင်းနေအရွယ်ကလေးတွေဟာ ပုံမှန်ကျောင်းတက် စာသင်ယူဖို့အခွင့်အရေးလည်း ထိခိုက်ရပါတယ်။

ကရင်အမျိုးသမီးအစည်းအရုံးရဲ့ မြေပြင်စောင့်ကြည့်လေ့လာရေးတာဝန်ခံ နော်သဲနေက “ကျမတို့နေတဲ့ မူတြော် ဒေသမှာ ပြန်ခြုံငုံပြီးကြည့်ရမယ်ဆိုရင် ပညာသင်ကြားတဲ့အခွင့်အရေး၊ ကျန်းမာရေး၊ လုံခြုံရေး အားလုံးကိုက ကျမ တို့ဒီမှာ အခွင့်အရေးမရှိတော့ဘူး ။ ကြောက်စိတ်နဲ့ နေရတယ်။ ပြီးတော့ ထွက်ပြေး တိမ်းရှောင်နေရတယ်။ အဲလိုရှင် သန်နေရတဲ့အတွက် နောက်ဆက်တွဲ စားဝတ်နေရေးက ထိခိုက်လာတယ်”လို့ ပြောပါတယ်။

မြန်မာပြည်မှာ ပြည်တွင်းပဋိပက္ခ နှစ်ပေါင်း ၇၀ကျော်ကြာရှိလာပြီးဖြစ်ပြီး ပဋိပက္ခကြားထဲမှာ မြန်မာစစ်တပ်က ဒေသ ခံလူထုအပေါ် ကျူးလွန်မှုတွေ များစွာရှိနေပါတယ်။ မူတြော်ခရိုင်ထဲမှာ မြန်မာစစ်တပ်ရဲ့ အရပ်သားအပေါ် သတ်ဖြတ်မှု ရွာလုံးကျွတ် နေအိမ်မီးရှို့ဖျက်ဆီးမှုတွေဟာလည်း ခေတ်အဆက်ဆက် ရှိနေပါတယ်။

ဒါကြောင့် မူတြော်ခရိုင်ထဲမှာသွားရင် ပြည်သူလူထုတွေဟာ အိမ်ကြီးအိမ်ကောင်းနဲ့ များများ ဆောက်လုပ်နေထိုင်ခြင်း မရှိဘဲ အများစုက ဝါးထရံအိမ်တွေသာ ရှိနေတာကို တွေ့နေရပါတယ်။

ယခင်က စစ်တပ်က ရွာထဲ စစ်ကြောင်းထိုးပြီး လူထုနေအိမ်တွေ မီးရှို့ဖျက်ဆီးမှုလုပ်ရာကနေ ယခုအခါမှာ ကိုယ်တိုင် စစ်ကြောင်းမထိုးတော့ဘဲ ဝေဟင်ကနေ လူထုတွေကို ဗုံးကြဲ သတ်ဖြတ် နေအိမ်တွေ ဖျက်ဆီးပါတယ်။ မူတြော်ဒေသ ထဲကိုရောက်လာတဲ့ စစ်လေယာဉ်ဟာ ဗုံးလာကြဲတာရှိသလို တစ်ခါတစ်ရံ နီးစပ်ရာစခန်းတွေမှာ ရိက္ခာလာချတာ၊ လာထောက်လှမ်းတာတွေ လမ်းကြောင်းတည့်လို့ ဖြတ်သွားတာတွေရှိတာကြောင့် ပြည်သူနဲ့ အနီးကပ်ရှိတဲ့နေရာမှာ လာပျံဝဲလေ့ရှိတော့ ဒေသခံတွေ ကြောက်နေကြရတာ ဖြစ်ပါတယ်။

မြေပြင်ထိုးစစ်တွေကို မစိုးရိမ်ရပေမယ့် အာဏာသိမ်းစစ်အုပ်စုရဲ့ အရပ်သားအပေါ် ပစ်မှတ်ထားတဲ့ ဝေဟင်က လေယာဉ်ဗုံးကြဲတဲ့ အန္တရာယ်ကိုတော့ အေးချမ်းသာယာတဲ့ လူသောမြို့နယ်က ဒေသခံပြည်သူတွေဟာ စိုးရိမ်စိတ်တွေ နဲ့ ရှင်သန်နေရတဲ့ ပုံရိပ်လွှာတွေကပဲ လွှမ်းခြုံလို့သာ ရှိနေပါတော့တယ်။