ဒီဇင်ဘာ (၂၄) ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် နှစ်နိုင်ငံချစ်ကြည်ရေး တံတား(၁)ကိုဖြတ်သန်း၍ ထိုင်းနိုင်ငံသို့ဝင်ရာတွင် အထောက်အထားတစ်ခုသာကိုင်ဆောင်သွားလာရန် ထိုင်းလဝကဘက်က စစ်ဆေးကန့်သတ်ထားခြင်းကြောင့် သွားလာရခက်၍ ငွေကုန်ကြေးကျပိုများသည့်အခက်အခဲတွေ့ရကြောင်း ကိုယ်တိုင်ကြုံရသူတို့ထံမှသိရသည်။
ယခုဒီဇင်ဘာ(၁၀)ရက်နေ့နောက်ပိုင်းကစပြီး မြန်မာမှထိုင်းသို့ဝင်ရန် နိုင်ငံကူးလက်မှတ်စာအုပ်(Passport)နှင့် ယာယီ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် နှစ်မျိုးလုံး ကိုင်ဆောင်သွားလာနေသူများကို ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနမှ စစ်ဆေးတွေ့ရှိပါက အထောက်အထားတစ်မျိုးသာကိုင်ဆောင်စေခြင်းနှင့် ကျန်တစ်မျိုးကိုပယ်ဖျက်ခြင်းတို့ ပြုလုပ်နေသည်ဟု ဆိုသည်။
“CI တို့ ပတ်စပိုစ့်တို့လုပ်ထားပြီး မြဝတီဘက်ကနေဘန်ကောက်အထိသွားတယ်။ ယာယီကတ်ကတော့ မဲဆောက်ထဲလောက်ပဲဝင်ဖို့သုံးတယ်။ အခုတော့ ထိုင်းဘက်ကတစ်မျိုးပဲသုံးရမယ်၊ CI ဒါမှမဟုတ် ပတ်စပိုစ့် သုံးမလား၊ တစ်ပတ်ကတ်သုံးမလား ကြိုက်တာရွေး၊ တစ်မျိုးဖျက်ရမယ်ဆိုတော့ခက်ကုန်ပြီ ” ဟု အထောက်အထားနှစ်မျိုးကိုင်ဆောင်ထားသူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ယာယီနေထိုင်ခွင့်ကတ်သက်တမ်းမှာ (၇) ရက်တိတိရရှိပြီး ကုန်ကျစရိတ်အတွက် ပျှမ်းမျှ မြန်မာငွေ ၂ ထောင်ကျပ်နှင့် လူဝင်မှုကြီးကြပ်ရေးသို့ပေးသွင်းငွေ ထိုင်းဘတ် ၆၀ ကုန်ကျသည်။ CI (သို့မဟုတ်) ပတ်စ်ပိုစ့်စာအုပ်နှင့်ဖြတ်သန်းသွားလာလိုပါက ထိုင်းလဝကထံ ဝင်ခွင့်တံဆိပ်တုံးထုရန် အကြိမ်တိုင်း ဘတ်ငွေ(၁,၀၀၀)ထောင်ကုန်ကျမည်ဖြစ်သည်။
ထိုင်းတစ်နိုင်ငံလုံးသို့ သွားလာလိုသူများအနေဖြင့် CI (သို့မဟုတ်) ပတ်စ်ပို့စ်ကိုင်ဆောင်ထားရန် လိုအပ်ပြီး တစ်ပတ်သက်တမ်းရသည့် ယာယီကတ်ဖြင့်ဝင်ပါက ထိုင်းနိုင်ငံ၊ တာခ့်ခရိုင်ပြင်ပသို့ ကျော်လွန်ပြီးသွားလာ၍မရပါ။

တံတား(၁)တွင် ထိုင်းလဝကမှအချက်အလက်စစ်ဆေးနေခြင်းကြောင့် ယခင်ကဲ့သို့ ယာယီကတ်ကိုင်ပြီး တာ့ခ်ခရိုင်ပြင်ပသွားမည့်သူများ၊ အဝင်အထွက်ရေရှည်လုပ်နေသူများမှာ CI (သို့မဟုတ်) ပတ်စ်ပို့စ်စာအုပ် မရှိမဖြစ်လိုအပ်ပြီး ဖြတ်သန်းသည့်အကြိမ်တိုင်းလည်း ဘတ်ငွေ (၁,၀၀၀)ထောင် ပေးရသဖြင့် ငွေကုန်ကြေးကျပိုများသွားကြောင်း ၎င်းတို့ကဆိုသည်။
“ကျနော်က ယာယီကတ်နဲ့မဲဆောက်ဝင်တာ။ ကွန်ပျူတာထဲစစ်တော့ CI လုပ်ထားတာပေါ်တယ်။ အဲဒီတော့ ဘာနဲ့ဝင်မလဲ၊ တစ်ခုတော့ဖျက်ရမယ်လို့ ထိုင်းလဝကကပြောတယ်။ CI ဖျက်ပြီး သက်တမ်းအသေမခံနိုင်ဘူးလေ။ အဝင်အထွက်တုံးထုတာ ဘတ်တစ်ထောင်တောင်းတယ်။ နောက်ကျရင်တော့ တစ်ပတ်ကတ်နဲ့မဲဆောက်ပေးမဝင်တော့ဘူး CI နဲ့ပဲရတော့မယ် “ဟု ကိုယ်တိုင်စစ်ဆေးခံခဲ့ရသူက ပြောသည်။
နယ်စပ်သတင်းအရင်းအမြစ်များအရ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား(၁)မှ ဖြတ်သန်းသွားလာသူများကို ထိုင်းလဝကဘက်က စစ်ဆေးကန့်သတ်မှုရှိသော်လည်း ယနေ့အထိဖမ်းဆီးချုပ်နှောင်မှု မရှိသေးကြောင်း သိရသည်။
ထိုင်းမှမြန်မာသို့ ပြန်လည်ဝင်ရောက်လာသူများကိုမူ ဖမ်းဝရမ်းထုတ်ခံထားရခြင်းရှိမရှိ၊ စစ်အုပ်စုအလိုရှိသည့် CDM ဝန်ထမ်းဖြစ်မဖြစ်နှင့် ထိုင်းနိုင်ငံအတွင်းနေထိုင်စဥ် တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ပို့ကူညီမှုအထောက်အထားရှိမရှိ မြန်မာလဝကဘက်က စစ်ဆေးပြီး ဖမ်းဆီးငွေညစ်နေသည်ဟု နီးစပ်သူတို့ကဆိုသည်။



















