အတုအယောင်ရွေးကောက်ပွဲမှာ ပြည်သူတွေမဲပေးတာကို မြင်ပြီး NUG ဝန်ကြီးနှုတ်ထွက် ဆိုပြီး စစ်လော်ဘီတွေ သတင်းအမှားဖြန့်
ဒီဇင်ဘာ (၂၉) ရက်၊ ၂၀၂၅ ခုနှစ်။
KIC/ The Arakan Express News/ The Red Flag/ MFCN
အနှစ်ချုပ်အကြောင်းအရာ
“ရွေးကောက်ပွဲမှာ ပြည်သူတွေမဲပေးနေတာကိုမြင်ပြီး NUGဝန်ကြီးဆိုသူတွေ နှုတ်ထွက်စာတင်ကုန်ပြီ” ဆိုသည့်အကြောင်းအရာကို Myanmar Fact- Checking Network အဖွဲ့ဝင်များမှ အချက်အလက်စိစစ်ပေးထားပါသည်။
ဖြန့်ဝေထားမှု
စစ်ကော်မရှင်မှ ပြုလုပ်သည့် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူများလာရောက်မဲပေးကြသဖြင့် NUG ဝန်ကြီးများ နှုတ်ထွက်ကုန်ပြီ ဟုဆိုကာ NUG ၏ အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်ဆူဇန်နာလှလှစိုး၏ ဓာတ်ပုံနှင့်တကွ စစ်လော်ဘီများမှ သတင်းအမှားဖြန့်ဝေနေသည်။
The Revolution Post မှထပ်ဆင့်ဖော်ပြသည့် နော်ဆူဇန်နာလှလှစိုး NUG ၏နှုတ်ထွက်စာကို Screen Shot ရိုက်ယူကာ စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များဖြစ်သည့် Kyaw Swar နှင့် မှိိုင်းဝေ ချန်နယ်များ မှ ဖြန့်ဝေနေကြသည်။ ယင်းဖြန့်ဝေထားသည့်အကြောင်းအရာများကိုအောက်ပါလင့်ခ်များတွင်ကြည့်ရှုနိုင်ပါသည်။
Kyaw Swar- https://archive.ph/781kC
မှိုင်းဝေ- https://archive.ph/nQtrd
စိစစ်ချက်
စစ်လော်ဘီများဖြန့်ဝေထားသည့် အကြောင်းအရာနှင့်ပတ်သက်၍ NUG ဝန်ကြီး နော်ဆူဇန်နာလှလှစိုး၏ ကိုယ်ပိုင်လူမှုကွန်ရက်အကောင့်သို့ သွားရောက်စစ်ဆေးကြည့်ခဲ့ရာ “၂၀၂၁ ခုနှစ်၊ ဧပြီလမှာ စတင်တာဝန်ထမ်းခဲ့တဲ့ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ဝန်ကြီးဌာန ကနေ ၂၀၂၅ နှစ်ကုန်မှာ တာဝန်က အနားယူပါတော့မယ်” ဟု အသိပေးဖော်ပြချက်ကို တွေ့ရသည်။
မူရင်းလင့်ခ် – https://shorturl.at/LrQtF
နော်ဆူဇန်နာလှလှစိုးသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်မှ NLD ကိုယ်စားလှယ်အနေဖြင့် ဝင်ရောက်ယှဥ်ပြိုင် ရွေးကောက်ခံရသလို စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် NLD မှယှဥ်ပြိုင် အနိုင်ရခဲ့သူဖြစ်သည်။
NUG ဖွဲ့စည်းပြီးချိန်တွင် အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ဝန်ကြီးဌာန၌ ဝန်ကြီးဖြစ်လာသူ နော်ဆူဇန်နာလှလှစိုးက NUG အစိုးရအဖွဲ့အတွင်းဖြတ်သန်းမှုတစ်လျှောက် အမှတ်တရအကြောင်းအရာများကိုသာ သူမ၏နှုတ်ဆက်စာတွင် ဖော်ပြထားသည်။ စစ်ကော် မရှင်မှ ပြုလုပ်သည့်အတုအယောင်ရွေးကောက်ပွဲတွင် ပြည်သူများမဲပေးသည့်အတွက် နှုတ်ထွက်သည်ဆိုသော အကြောင်းအရာမျိုးလုံးဝမပါရှိပါ။
တဖက်တွင်လည်း စစ်အုပ်စုကရွေးကောက်ပွဲပထမပိုင်းကို ယမန်နေ့(ဒီဇင်ဘာ ၂၈)ရက်နေ့က ပြုလုပ်ခဲ့သည်။
ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသော စစ်အုပ်စုထိန်းချုပ်မှုအားကောင်းသည့် မြို့ကြီးများ ပထမပိုင်းမဲရုံဖွင့်လှစ် မဲပေးသည့်စာရင်းတွင်ပါဝင်သော်လည်း မဲလာပေးသူနည်းပါးသလို စစ်အုပ်စုဘက်က ပြည်သူများ မဲလာပေးဖို့အရေးခြိမ်းခြောက်မှုရှိခဲ့သည်ဟု သတင်းလုပ်ငန်းစဥ်အတိုင်း လုပ်ဆောင်နေသည့် သတင်းဌာနများက ဖော်ပြသည်။
BBC – https://shorturl.at/xUiaQ
DVB – https://shorturl.at/uazWx
Myanmar Now – https://shorturl.at/nUa3B
Than Lwin Khet – https://shorturl.at/V2Yya
သုံးသပ်ချက်
ဖော်ပြပါ အချက်အလက်များဖြင့် စိစစ်သုံးသပ်ကြည့်ရာတွင် “ပြည်သူတွေ ရွေးကောက်ပွဲမှာ မဲပေးလာလို့ NUG ဝန်ကြီးများ နှုတ်ထွက်ကြသည်” ဆိုသော သတင်းအကြောင်းအရာမှာ အတုအယောင်ရွေးကောက်ပွဲနှင့်အချိန်ကိုက်ချိတ်ဆက်ပြီး လိုရာဆွဲ ရေးသားဝါဒဖြန့်ထားသောအကြောင်းအရာဖြစ်နေသည်ကို စိစစ်တွေ့ရှိရပါသည်။ နော်ဆူဇန်နာလှလှစိုး၏လူမှုကွန်ရက်စာမျက်နှာပေါ်တင်ထားသော တာဝန်အနားယူမည်ဆိုသည့် အသိပေးချက်ကို လိုရာဆွဲရေးသားကာ အတုအယောင်ရွေးကောက်ပွဲကို ပြည်သူများ ထောက်ခံလာသည့်ပုံအဖြစ် လှည့်စားသုံးစွဲထားခြင်းဖြစ်သည်။
နော်ဆူဇန်နာလှလှစိုး၏နှုတ်ထွက်အကြောင်းအရာသည် ၂၀၂၁ ခုနှစ်က စတင် တာဝန်ထမ်းဆောင်လာခဲ့သော ဝန်ကြီးတာဝန်မှ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်း၌ အစီအစဉ်တကျ အနားယူမည်ဆိုသော ပုဂ္ဂိုလ်ရေးနှင့် လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်သာဖြစ်ပြီး စစ်အုပ်စုရွေးကောက်ပွဲနှင့် လုံးဝ ဆက်စပ်မှု မရှိပါ။
ယခုလို Screenshot တစ်ခုတည်းကို အခြေခံကာ အကြောင်းအရာကို လွဲမှားစွာပြန်လည်တင်ပြခြင်းသည် စစ်အုပ်စုရွေးကောက်ပွဲကို ပြည်သူများထောက်ခံခဲ့သယောင် ရည်ရွယ်ဝါဒဖြန့်အသုံးချထားကြောင်း တွေ့ရှိရသည်။
ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စစ်အုပ်စု၏ဝါဒဖြန့်သတင်းများကို Myanmar Fact-Checking Network (MFCN) ကလည်း အကြိမ်ကြိမ် စိစစ်ဖော်ထုတ်ထားပြီးဖြစ်ပါတယ်။
ရွေးကောက်ပွဲနှင့်စပ်ဆက်ပြီး ဝါဒဖြန့်သတင်းကို MFCN က စိစစ်ထားသောသတင်းလင့်ခ်- https://shorturl.at/wbJ7a
စာဖတ်သူများအနေဖြင့်လည်း သတင်းတု/သတင်းမှား ဖြစ်ကြောင်း သံသယရှိသည်ဖြစ်စေ၊ မှန်ကန်သည့်သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလို၍ဖြစ်စေ၊ Fact Checking ပြုလုပ်ပေးသော သတင်းဌာန/အဖွဲ့ အစည်းများ၏ Chat Box မှ သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုသည်။
Myanmar Fact-checking Network-MFCN အဖွဲ့ဝင်များကို ဆက်သွယ်မေးမြန်း၍ စစ်ဆေးပေးရန်တောင်းခံနိုင်သလို MFCN ၏ အောက်ပါလင့်ခ်များမှ နေ၍လည်း အချက်အလက်စစ်ဆေးရန် တောင်းဆိုနိုင်ပါသည်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork



















