Home သတင်း လောင်းလုံး စစ်ပြဲကို စစ်တပ်စစ်ကြောင်း ထပ်ထိုး ဒေသခံများ ထွက်ပြေးရ

လောင်းလုံး စစ်ပြဲကို စစ်တပ်စစ်ကြောင်း ထပ်ထိုး ဒေသခံများ ထွက်ပြေးရ

406
Photo: Social Media

ဒီဇင်ဘာ ၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာကိုယနေ့ ဒီဇင်ဘာ ၁ ရက်နေ့တွင် စစ်တပ် စစ်ကြောင်း ထပ်ထိုးလာ၍ ဒေသခံများ ထပ်မံထွက်ပြေးနေရသည်ဟု စစ်ရှောင်နေသူများက ပြောသည်။

လက်ရှိ ဒေသတွင်း စပါးပေါ်ချိန်ဖြစ်၍ ဒေသခံများ စပါးရိပ်သိမ်း အလုပ်များကို ပစ်ထားကာ ယခုလို ထွက်ပြေး နေရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“မနက်မိုးလင်းတာနဲ့ စစ်ကြောင်းထိုးလာတော့ ရွာထဲကလူတွေအကုန်ပြေးရတယ်။ စပ်ပြဲရွာအပြင်ကိုမှ ညင်းမော်ရွာရောပေါ့။ အနီးတဝိုက်ကရွာတွေအကုန် ရှောင်ရတယ်။ စစ်တပ်ကဝင်လာရင် လက်နက်ကြီး သံတွေကြားရတော့ ကြိုရှောင်နေကြတဲ့သဘောပါ” ဟု ကေအိုင်စီသို့ ပြောဆိုသည်။

ထိုဒေသတွင် ရာဘာခြစ်လုပ်ငန်းနှင့် စပါးစိုက်ပျိုးခင်းများသာရှိ၍ လုပ်ငန်းများ ပစ်ထားခဲ့ရ၍ အခက်အခဲ များစွာ ကြုံတွေ့နေရသည်ဟု ၎င်းဒေသခံက ဖြည့်ဆွက်ပြောသည်။

ယခင် နိုဝင်ဘာ ၁၀ ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ ညင်းမော်၊ စစ်ပြဲ ကျေးရွာများသို့ စစ်တပ် စစ်ကြောင်းထိုး လာပြီး ညင်းမော်ရွာ၌ တပ်စွဲ ထား၍ ဒေသခံများ နှစ်ပတ်ကျော်ကြာသည်အထိ ထွက်ပြေးတိမ်းရှောင်ခဲ့ရ သည်ဟု ဒေသခံများထံမှ သိရသည်။

ယနေ့ စစ်တပ်စစ်ကြောင်းသည် စစ်ပြဲရွာ ဘုန်းကြီးကျောင်းဝန်းအတွင်း တပ်စွဲထားသည်ဟု ဒေသခံများထံမှ သိရသည်။