Home သတင်း ပုဒ်မ ၅၀၅-ကဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ သတင်းထောက် နေနော် ပြန်လွတ်

ပုဒ်မ ၅၀၅-ကဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ သတင်းထောက် နေနော် ပြန်လွတ်

164
Photo: Social Media

ဒီဇင်ဘာ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ပုဒ်မ ၅၀၅-က ဖြင့် ၂၀၂၂ ခုနှစ်မှ စ၍ ထောင်ဒဏ်ချမှတ်ခံနေရသူ အလွတ်တန်းသတင်းထောက် ကိုမျိုးနောင် နောင်ဇော် (ခ) နေနော်သည် ပြီးခဲ့သည့် နိုဝင်ဘာ(၂၆)ရက်နေ့က စစ်အုပ်စုမှ နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူ ၃,၀၀၀ ထောင်ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်သည့်စာရင်းအတွင်း ပါဝင်ခဲ့ပြီး ပြန်လွတ်လာကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ သိရသည်။

မြဝတီမြို့အခြေစိုက် အလွတ်တန်းသတင်းထောက် နေနော်ကို ၂၀၂၂ ခုနှစ် မတ်လ ၂၈ ရက်နေ့က စစ်အုပ်စုမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်ဆူပူစေရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က၊ ပုဒ်မ ၅၂-ခ တို့ဖြင့် တရားစွဲဆိုကာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ(၃၀)ရက်နေ့က စုစုပေါင်း ထောင်ဒဏ်(၆)နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၂၆ ရက်နေ့က ရွေးကောက်ပွဲမဲပေးပိုင်ခွင့်ရရေးအတွက်ဟု ဆိုကာ ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီး အကျဥ်းချခံထားရသူ ၃,၀၀၀ ကျော်ကို ပြစ်ဒဏ်လျှော့ပေါ့ပေးလိုက်ကြောင်း စစ်အုပ်စုက ကြေညာခဲ့သည်။ ထို့နောက် ၃ နှစ်ကြာ ထောင်ဒဏ်ကျခံခဲ့ရပြီးသူ ကိုနေနော်သည် ပဲခူးတိုင်း၊ သာယာဝတီအကျဥ်းထောင်မှ ပြန်လွတ်လာပြီဟု ၎င်းနှင့်နီးစပ်သူက အတည်ပြုပြောသည်။

“လောလောဆယ် ထောင်ဝမှာပဲရှိသေးတယ်၊ ပြန်လွတ်ပြီလို့ပြောတယ်။ သူ့မိသားစုဆီတော့ ပြန်မရောက်သေးဘူး။” ဟု ကိုနေနော်နှင့် နီးစပ်သူတစ်ဦးက ကေအိုင်စီသို့ ယနေ့မွန်းလွဲပိုင်းတွင် ပြောသည်။

ကိုနေနော် ဖမ်းဆီးရပြီး ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် မြဝတီမြို့၊ အမှတ် ၃ ရပ်ကွက်၊ ကရင်စာပေ (၅) လမ်းရှိ ကိုနေနော်၏နေအိမ်ကို စစ်အုပ်စုက လာရောက်ချိပ်ပိတ်ခဲ့သည်။ ထိုအချိန်မှစ၍ ယနေ့ထက်ထိ သူ၏အမျိုးသမီးနှင့်ကလေးငယ်မှာ နေအိမ်မှဆင်းပေးနေရခြင်းကြောင်း မိသားစုနှင့်နီးစပ်သူများမှ သိရသည်။

နိုဝင်ဘာ(၂၆)ရက်နေ့က စစ်အုပ်စု၏ကြေညာချက်တွင် အာဏာသိမ်းပြီးနောက် ပုဒ်မ ၅၀၅−က ဖြင့်တရားစွဲဆိုခံရ၍‌ ရှောင်ပြေးသူ၊ တရားခံပြေးပုဒ်မ ၅၁၂ ဖြင့် ဆက်လက်တရားစွဲဆိုခံထားရသူ ၅,၅၈၀ ဦးကိုလည်း အမှုပိတ်သိမ်းပေးလိုက်သည်ဟု ဖော်ပြထားသည်။

သို့သော် စစ်အုပ်စုက ပြစ်ဒဏ် လျှော့ပေါ့ပေးသူများအနက် လွတ်ရက်ပြည့်ခါနီး လူအများစုပါဝင်သောကြောင့် ဟန်ပြလွှတ်ပေးခြင်းဖြစ်နိုင်ပြီး အချိန်မရွေးပြန်လည်ဖမ်းဆီးခံရနိုင်ကြောင်းလည်း နိုင်ငံရေးအကျဥ်းသားဟောင်းတချို့က သုံးသပ်နေကြသည်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-AAPP ၏ မှတ်တမ်းအရ ၂၀၂၁၊ ဖေဖော်ဝါရီမှ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့အထိ အာဏာသိမ်းမှုအတွင်း စစ်အုပ်စုဖမ်းဆီးထားသူ ၃ သောင်းကျော်ရှိနေပြီး ၁ သောင်းကျော်ထောင်ဒဏ်ချမှတ်ခံထားရဆဲဖြစ်သည်။

အလားတူ အာဏာသိမ်းကာလအတွင်း သတင်းသမား ၂၀၀ ထက်မနည်းကို စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သတင်းမီဒီယာအခွင့်အရေးတက်ကြွလှုပ်ရှားနေသည့် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ-IPCM ၏စာရင်းတွင် ဖော်ပြထားသည်။

ယင်းတို့အနက် ထောင်ဒဏ်ချမှတ်ခံထားရသည့် အမျိုးသမီးသတင်းသမား ၇ ဦး၊ အမျိုးသား ၃၃ ဦးဖြင့် စုစုပေါင်း ၄၀ ဦးရှိသည်။ ထိုအထဲတွင် စစ်အုပ်စုကြောင့် သတင်းသမား ၇ ဦး သေဆုံးခဲ့ပြီး ၁၁ ဦးမှာလည်း ထောင်ဒဏ် ၁၀ နှစ်နှင့်အထက် အမြင့်ဆုံးထောင်ဒဏ်အဖြစ် ချမှတ်ခံထားရကြောင်း သိရသည်။