Home သတင်း ထိုင်း-မြန်မာ‌နယ်စပ် လှေဂိတ်များ တစ်ပတ်ကြာပိတ်မည်ဟု သတင်းထွက်အပြီး ကမ်းကူးခဈေးတက်

ထိုင်း-မြန်မာ‌နယ်စပ် လှေဂိတ်များ တစ်ပတ်ကြာပိတ်မည်ဟု သတင်းထွက်အပြီး ကမ်းကူးခဈေးတက်

187
Photo: Social Media

ဒီဇင်ဘာ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ မြို့နယ်(၅)ခု၏ သောင်ရင်းမြစ်တစ်ကြောရှိ လှေဂိတ်များအားလုံးကို လုံခြုံရေးကြောင့် ထိုင်းနိုင်ငံဘက်က ဒီဇင်ဘာ ၆ ရက်နေ့အထိ ပိတ်ထားမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်အပြီး အချို့လှေ ဂိတ်များ၏ကမ်းကူးခ ပုံမှန်ထက် ဈေးအနည်းငယ်တက်သွားသည်ဟု နယ်စပ်သတင်းအရင်းအမြစ်မှ သိရသည်။

ယမန်နေ့(နိုဝင်ဘာ ၃၀ ရက်) မနက်ပိုင်းက ထိုင်းနယ်စပ် မဲဆောက်မြို့နယ်ရှိ မယ့်ကိုကင်းကျေးရွာအတွင်း မြန်မာဘက်ခြမ်း၊ မင်းလက်ပံဘက်မှ စစ်အုပ်စုပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ၅ လုံးကျ ရောက်ပေါက်ကွဲ၍ အရပ်သား(၃)ဦးထိခိုက်ဒဏ်ရာရရှိသွားသည်။ ထို့နောက် မဲဆောက်မြို့နယ်အပါအဝင် မြို့နယ်(၅)ခု၏လှေဂိတ်များ၊ ဒီဇင်ဘာ ၆ ရက်နေ့အထိ ပိတ်ထားမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များမှ ယမန်နေ့က သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

သို့သော် ယနေ့မနက်ပိုင်းအထိ မြဝတီမြို့နယ် သောင်ရင်းမြစ်တကြောရှိ ကမ်းကူးလှေဂိတ်အချို့ ပုံမှန်အတိုင်းဆက်ဖွင့်ထားပြီး ပုံမှန်ဈေးထက်လည်း အနည်းငယ်ပိုပေးရသည်ဟု ကိုယ်တိုင်ကမ်းကူးပေးနေသူ အမျိုးသားတစ်ဦးက ပြောသည်။

“ကမ်းကူးပေးပါတယ် ကျနော်တို့မပိတ်သေးပါဘူး။ ပုံမှန်ဆို ၈၀၀ နဲ့ယူပေမယ့် လတ်တလော အခြေအနေတွေကတမျိုးဖြစ်နေတော့ ကမ်းကူးခ ၉၀၀ ယူပါတယ်” ဟု အဆိုပါအမျိုးသားက ယနေ့မနက်ပိုင်းတွင် ကေအိုင်စီကိုပြောသည်။

ထို့အပြင် ရှမ်းပြည်နယ်နှင့်မန္တလေးတိုင်းဒေသကြီးရှိ ၁၃/ နှင့် ၉/ မှတ်ပုံတင်ကိုင်ဆောင်ထားသူများအတွက် ကမ်းကူးခ ဘတ် ၁ထောင်နှင့်အထက် ပေါက်ဈေးရှိနေကြောင်းလည်း မြဝတီသောင်ရင်းမြစ် ကမ်းကူးပို့ဆောင်ရေး သတင်းအရင်းအမြစ်တချို့က ဆိုသည်။

Photo: Social Media

ပြီးခဲ့သည့် ဩဂုတ်လပိုင်းကစပြီး မြန်မာဘက်က စစ်ရေးအခြေအနေကြောင့် ထိုင်း-မြန်မာ ချစ်ကြည် ရေးတံတားအမှတ်(၂)မှတဆင့် ကုန်သွယ်ရေးကူးသန်းသွားလာမှုအားလုံး ရပ်ဆိုင်းခဲ့ရပြီးနောက်ပိုင်း သောင်ရင်းမြစ်ကမ်းကူး လှေဂိတ်များ ပို၍ အလုပ်ဖြစ်လာသည်။

နိုဝင်ဘာလအစောပိုင်းက မြဝတီနယ်စပ်တွင် တရားမဝင်ကုန်သိုလှောင်ဖြန့်ဖြူးနေသည် ဆိုကာ စစ်အုပ်စုမှ လက်နက်ကိုင်အချို့၏ကုန်သိုလှောင်ရုံများကို ဖျက်ဆီးပြ၍ သောင်ရင်းမြစ်ကမ်းကူး လှေဂိတ်အချို့ကို ပိတ်ခိုင်းခြင်းရှိခဲ့သော်လည်း လက်ရှိဖွင့်နေသည့်ဂိတ်များ ပါဝင်ခြင်းမရှိခဲ့ပေ။

သို့ရာတွင် လက်နက်ကြီးကြောင့် နိုဝင်ဘာ (၃၀)ရက်နေ့က ထိခိုက်ဒဏ်ရာရသူများ ရှိလာချိန်တွင် မဲဆောက် အပါအဝင် ဖုတ်ဖရ အုန်းဖန်၊ တာ့ဆောင်ယန်နှင့် မဲရမတ် စသည့် မြို့နယ်(၅)ခုမှ ကမ်းကူးလှေဂိတ်များအားလုံး ထိုင်းအာဏာပိုင်များဘက်က ပိတ်ခိုင်းသည့်စာရင်းအတွင်း ပါဝင်လာကြောင်း သိရသည်။

ထို့အတူ လက်နက်ကြီးကျသည့်ဖြစ်စဥ်ကြောင့် မယ့်ကိုကင်းရွာဘက် နေထိုင်သူအများစုမှာလည်း ညအခါ ရွာမှ ရှောင်တိမ်းအိပ်စက်ရသည်ဟု ထိုရွာခံများ၏ပြောဆိုချက်အရ သိရသည်။

မြန်မာဘက်ခြမ်း၊ လေးကေကော်ဒေသ၊ မင်းလက်ပံတွင်လည်း စစ်အုပ်စုနှင့် KNLA မဟာမိတ်တပ် တို့နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးရော လေကြောင်းပါ ပစ်ခတ်တိုက်ခိုက်မှုရှိခြင်းကြောင့် ဒေသခံအများအပြား ဘေးလွတ်ရာတွင်ထွက်ပြေးစစ်ရှောင်နေရသည်။