နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်နှင့် မူးယစ်ဆေးဝါးများသည် ထိုင်းကုန်သည်ထံမှ ရရှိခြင်းဖြစ်သည်ဟု အာဏာသိမ်း စစ်အုပ်စုက ပြောဆိုသည်။
ထိုကဲ့သို့ ဖမ်းဆီးရမိခဲ့သည့် လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများသည် ထိုင်းကုန်သည်များက လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်သည့် သောင်ရင်းမြစ် တလျှောက်ရှိ တရားမဝင် ဖွင့်လှစ် ထားသော နယ်စပ်ဂိတ်များမှ တဆင့် တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် စစ်အုပ်စုက ထုတ်ပြန်ခဲ့သည်။
မြဝတီမြို့နယ်တွင် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် အောက်တိုဘာအထိ ၄ နှစ်ကျော်ကာလအတွင်း လက်နက်ဥပဒေဖြင့် ၈၆ မှု၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် ၂၅၆ မှုနှင့် မူး ယစ်ဆေးဝါးဥပဒေဖြင့် ၃၄၇ မှုကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း စစ်အုပ်စုက ထုတ်ပြန်ထားသည်။

အဆိုပါ လေးနှစ်ကျော်အတွင်း ဖမ်းဆီးရမိသည့် လက်နက်အနေဖြင့် ပစ္စတို ၄၈ လက်၊ AK-47 ၁၂ လက်၊ M-4 ကာဘိုင် ၆ လက်၊ လက်လုပ် စက်သေနတ်နှင့် RPG ပါဝင်သည့် လက်နက်နှင့် ခဲယမ်းများစွာအပြင် စိတ်ကြွရူးသွပ် ဆေးပြား (WY) ၂ ဒသမ ၅ သန်းကျော်၊ ICE ၄၉၀၈ ဒသမ ၉၄၇၁ ဂရမ်၊ ဘိန်းဖြူ ၂၈၁ ၃၀၄ ဂရမ် အပါအဝင် မူးယစ်ဆေးဝါး အများအပြား ပါဝင်သည်ဟု ဆိုသည်။
လတ်တလောတွင် မြဝတီမြို့ သောင်ရင်းမြစ်ကမ်း တလျှောက်ရှိ စစ်တပ်နှင့် ဆက်ဆံရေးရှိသည့် လက်နက်ကိုင်အဖွဲ့များ၏ နယ်စပ်ကုန်ကူးဂိတ် စခန်းနေရာများကို စစ်တပ်က ပိတ်ခိုင်းထားစေပြီး မြဝတီ ကုန်သွယ်ရေးဇုန် ပြန်ဖွင့်ရန် ပြင်ဆင်နေသည်ဟုလည်း သတင်းများ ထွက်ပေါ်လျက်ရှိနေသည်။



















