နိုဝင်ဘာ (၁၄)ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီိမြို့နယ်၊ မောတောင်မြို့ကို ယနေ့(နိုဝင်ဘာ ၁၄)ရက်နေ့ မနက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် (၆၁)ဦး ထိုင်းဘက်ထွက်ပြေးသွားကြောင်း KNLA သတင်းအရင်းအမြစ်ထံမှ သိရသည်။
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် မောတောင်မှ တနင်္သာရီလမ်းပိုင်းတစ်လျှောက် စစ်ကြောင်းထိုးစစ်အုပ်စုကြောင့် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေသည်မှာ လနှင့်ချီကြာမြင့်နေပြီး ယခု စက်တင်ဘာ ၁၀ ရက်နေ့မှစ၍ တိုက်ပွဲအခြေအနေ ပိုမိုပြင်းထန်လာသည်။
“အခုကတော့ရှင်းလင်းပြီးပြီလို့ ပြောလို့ရပါပြီ။ ကျနော်တို့လူတွေလည်းနယ်စပ်ဘက်ရောက်နေပြီ။ ထိုင်းတွေနဲ့လည်းတွေ့ပြီးပြီ။ ထိုင်းနိုင်ငံဘက်ကိုတော့ စကစ ဘက်က စုစုပေါင်း ၆၁ ယောက် လက်နက်အပြည့်အစုံနဲ့ထွက်ပြေးသွားတယ်။” ဟု ရှေ့တန်းရောက် KNLA တပ်မဟာ(၄) တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလွတ်မြောက်သွားသူများတွင် စစ်အုပ်စုတပ်ဖွဲ့ဝင် ၄၁ ဦးပါဝင်သလို ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂၀ ဦးလည်းပါဝင်သည်ဟု အဆိုပါတာဝန်ရှိသူက ဆက်ပြောသည်။

နိုဝင်ဘာ ၁၀ ရက်နေ့က မောတောင်မြို့သို့ စစ်အုပ်စုစစ်ကြောင်းထိုးရုံမျှမက မြို့အခြေစိုက်သည့် ခြေလျှင်တပ်ရင်း ခလရ-၂၂၄ ဘက်ကကလည်း လက်နက်ကြီးတိုက်ခိုက်ခြင်းအပါအဝင် လေကြောင်းပစ်ကူ လုပ်ဆောင်ခဲ့သောကြောင့် ဒေသခံထောင်နှင့်ချီပြီး ထိုင်းနယ်စပ်အနီးရော မြန်မာဘက် ဘေးလွတ်ရာတွင်ပါ ထွက်ပြေးစစ်ရှောင်ခဲ့ရကြောင်း ဒေသခံများနှင့် တပ်မဟာ(၄)ပြန်ကြားရေးက ထုတ်ပြန်ချက်အရ သိရသည်။
စစ်အုပ်စုထံမှ မောတောင်မြို့ကိုအလုံးစုံနီးပါး သိမ်းပိုက်ရရှိပြီးသည်နှင့်ပတ်သက်၍ KNLA နှင့်ပူးတွဲတိုက်ပွဲဖော်ဆောင်နေကြသည့် မဟာမိတ်အင်အားစုများကလည်း ဒေသသတင်းမီဒီယာအချို့ထံ အတည်ပြုထားသည်။
မောတောင်မြို့ပြည်ထောင်စုလမ်းမတစ်လျှောက်ကို တော်လှန်ရေးမဟာမိတ်အင်အားစုများက ထိန်းချုပ်ထားခြင်းဖြစ်ပြီး ကုန်သွယ်ရေးအချက်အချာကျသည့် အဆိုပါလမ်းပိုင်းကို ထိန်းချုပ်နိုင်ရေး စစ်အုပ်စု ကြိုးပမ်းနေသည်မှာလည်း ၆ လကျော်ကြာရှိခဲ့သည်။
KNLA မဟာမိတ်များအနေဖြင့် ပြီးခဲ့သည့်ဇူလိုင်လပိုင်းကလည်း ထိုင်း-မြန်မာနယ်စပ်၊ ထားဝယ်ခရိုင်အတွင်းရှိသည့် နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ထီးခီးနယ်စပ်တစ်လျှောက်က စစ်အုပ်စုစခန်းများကိုလည်း အပြီးသတ်သိမ်းပိုက်ထားနိုင်သည်။



















