Home သတင်း မြန်မာနိုင်ငံတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ် စီမံကိန်းသစ် ကြိုးပမ်းမှုများကို ရပ်ဆိုင်းရန် BMC သတိပေး

မြန်မာနိုင်ငံတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ် စီမံကိန်းသစ် ကြိုးပမ်းမှုများကို ရပ်ဆိုင်းရန် BMC သတိပေး

900
Photo: PTTEP

နိုဝင်ဘာ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်၌ ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်ခြင်းနှင့် စီမံကိန်းသစ်ချဲ့ထွင်ရန် စစ်အုပ်စုလက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနအပါအဝင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း-MOGE နှင့်အတူ ပူးပေါင်းကြိုးပမ်းနေသည့် ထိုင်းကုမ္ပဏီများ လုပ်ဆောင်မှုကိုရပ်ဆိုင်းရန် သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှု-BMC က သတိပေးသည်။

ထိုင်းအစိုးရပိုင် PTT၊ PTTEP နှင့် ပုဂ္ဂလိက Gulf Petroleum Myanmar-GPM တို့သည် စစ်အုပ်စုကို ငွေကြေး ထောက်ပံ့ပေးခြင်းဖြင့် ၎င်းကျူးလွန်သော ရာဇဝတ်မှုများတွင် တစ်နည်းအားဖြင့်ပါဝင်နေသောကြောင့် မြန်မာ လူထုအတွက် တာဝန်ခံရမည်ဖြစ်ကြောင်း နိုဝင်ဘာ ၉ ရက်နေ့က ထုတ်ပြန်ချက်တွင် BMC က သတိပေးဖော်ပြထားခြင်းဖြစ်သည်။

တနင်္သာရီတိုင်း၊ ကမ်းလွန်ပင်လယ်ပြင်ရှိ ဇောတိကစီမံကိန်းနှင့် ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းတို့တွင် PTTEP က ရှယ်ယာထက်ဝက်ကျော်ပိုင်ဆိုင် ဦးဆောင်နေသလို ရတနာစီမံကိန်းမှဓာတ်ငွေ့ပိုထုတ်နိုင်ရန် ၂၀၂၅ ခုနှစ် ဧပြီလက MOGE နှင့်အတူ သဘောတူစာချုပ်ချုပ်ဆိုထားသည်ဟု BMC က ဆိုသည်။

ထို့အပြင် မြန်မာပြည်တွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ခေါင်းစဥ်ဖြင့် အောင်သိင်္ခ ကမ်းလွန်စီမံကိန်းသစ်တည်ဆောက်ရေးကိစ္စကိုလည်း ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့က MOGE နှင့် PTTEP အမှုဆောင်အရာရှိချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုင်းအခြေစိုက် Northern Gulf Petroleum ၏ GPM ကုမ္ပဏီကလည်း မုတ္တမကမ်းလွန်ပင်လယ်ပြင်၌ မင်းရဲသူအမည်ရ စီမံကိန်းသစ်ကို လုပ်ပိုင်ခွင့်ရရေး ၂၀၂၅ ခုနှစ် မေလက MOGE နှင့် လက်မှတ်ရေးထိုးထားခဲ့ပြီး ထိုစီမံကိန်းသစ်များကို လာမည့် ၂၀၂၈ ခုနှစ်တွင် အကောင်အထည်ဖော်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းကုမ္ပဏီများနှင့် ဆက်စပ်လုပ်ကိုင်ရာမှ စစ်အုပ်စုထိန်းချုပ်ထားသည့် နိုင်ငံပိုင် MOGE သည် ဒေါ်လာငွေသန်းချီရရှိနေပြီး စစ်အုပ်စုအတွက် လေကြောင်းအထောက်အပံ့၊ လက်နက်ပစ္စည်းနှင့် နည်းပညာများကို နိုင်ငံတကာမှဝယ်ယူရရှိနိုင်ခြင်းဖြစ်သည်။ ထိုသို့ဖြင့် စစ်ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နေနိုင်ခြင်းဖြစ်ကြောင်း BMC က ဆိုသည်။

ထို့ကြောင့် PTT၊ PTTEP နှင့် GPM တို့အနေဖြင့် MOGE နှင့်ပတ်သက်ပြီး ရာဇဝတ်မှုတွင်ပါဝင်နေခြင်းကို ရပ်တန့်ရန်၊ ပြည်သူ့ဘဏ္ဍာငွေများအား စစ်အုပ်စုအသုံးပြုမရနိုင်သော အကောင့်တွင်ထည့်သွင်းရန်၊ စစ်အ သုံးစရိတ် ဆက်လက်ဖန်တီးပေးနိုင်သည့် လုပ်ငန်းစာချုပ်များကို ရပ်တန့်ရန်လည်း BMC က ထုတ်ပြန်ချက်၌ တောင်းဆိုသွားသည်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တွင် မလေးရှားအခြေစိုက် Petronas၊ ပြင်သစ်ကုမ္ပဏီ TotalEnergies၊ အမေရိကန်အခြေစိုက် Chevron တို့က မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ နုတ် ထွက်ခဲ့ကြကြောင်း ထိုစဥ်က ပြည်တွင်း၊ပြည်ပ မီဒီယာများက ဖော်ပြသည်။

ထို့နောက် အမေရိကန်၊ EU နှင့် ဆွစ်ဇာလန်နိုင်ငံတို့က MOGE အား စစ်အုပ်စုကို ဝင်ငွေစီးဆင်း နေမှုနှင့် ပတ်သက်ပြီး ဒဏ်ခတ်ပိတ်ဆို့မှု လုပ်ဆောင်ခဲ့သော်လည်း ထိုင်းဘက်မှ အခွန်ငွေဆက်လက် ရရှိနေသောကြောင့် လုပ်ငန်းများရပ်ဆိုင်းရန် PTT၊ PTTEP တို့အား တော်လှန်ရေး၊ နိုင်ငံရေးအင်အားစုများက တိုက်တွန်းတောင်းဆိုမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။