နိုဝင်ဘာ ၁၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကျားဖြန့်ဝန်းဟု လူသိများသည့် KK Park ကို စစ်အုပ်စုက မိုင်းခွဲဖျက်ဆီးမှုများ ရက်ဆက်ပြုလုပ်ရာတွင် မိုင်းစများ တဖက်ကမ်းရှိ ထိုင်းနိုင်ငံအတွင်းသို့ ကျရောက်ပြီး အန္တရာယ်ရှိနေသည့်အပေါ် ဖြေရှင်းပေးရန် ထိုင်းဒေသခံများက ၎င်းတို့ဝန်ကြီးချုပ်ထံ ယနေ့တောင်းဆိုလိုက်သည်။
အဆိုပါ မိုင်းစများသည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်၊ မယ်ကုမိုင်ကျေးရွာထဲရှိ လူနေအိမ်တချို့နှင့် သီးနှံ စိုက်ခင်း အတွင်း ကျရောက်ကာ ထိခိုက်ပျက်စီး၍ ဒေသခံများက မဲဆောက်လေဆိပ်၌ ဆန္ဒထုတ်ဖော် တောင်းဆိုခြင်း ဖြစ်သည်ဟု The Reporter သတင်းဌာနတွင် ဖော်ပြထားသည်။
ထိုအဆောက်အဦးများကို အာဏာသိမ်း စစ်အုပ်စုနှင့် နယ်ခြားစောင့်တပ် (BGF)တို့က ပြီးခဲ့သည့် အောက်တိုဘာ ၂၂ရက်မှစ၍ နေ့စဉ်နီးပါး မိုင်းဖြင့် ဖောက်ခွဲ ဖျက်ဆီးနေပြီး ထိုင်းဘက်ခြမ်းရှိ ပြည်သူများ အန္တရာယ်ကြားတွင် ၁၇ ရက်ကျော်ကြာနေထိုင်ရ၍ အခြေားနည်းလမ်းသုံးဖျက်ဆီးရန် ထိုင်းအစိုးရအနေဖြင့် ညှိနှိုင်း ဆွေးနွေးပေးရန် တောင်းဆို ခြင်းဖြစ်သည်။
ထိုင်းပြည်သူများအနေဖြင့် မြန်မာဘက်က ငွေလိမ်ဂိုဏ်းတိုက်ဖျက်နေခြင်းကို အားပေးထောက်ခံသော်လည်း အဆောက်အဦးများကို မှိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခြင်းထက် အခြားနည်းလမ်း သုံးရန် လိုလားနေခြင်း ဖြစ်သည်။
ယခုလို မိုင်းခွဲမှုကြောင့် မီးခိုး၊ မြေမှုန့်များနှင့်အတူ အသံတုန်ခါမှုကြောင့် နယ်နမိတ်အနီးရှိ လူနေအိမ်အပါအဝင် နေထိုင်သူ ၂၉ ဦး ထိခိုက်ခဲ့သည်။ ထို့ကြောင့် ကလေးငယ်များနှင့် သက်ကြီးသူများကို နေရာပြောင်းရွှေ့ထားရ သည်ဟု The Reporter သတင်း၌ ဖော်ပြထားသည်။
ထို့အပြင် ယနေ့ ညနေ ၃ နာရီအချိန်တွင် ထိုင်းဝန်ကြီးချုပ် အနုတင် (Anutin)နှင့် ပြည်ထဲရေးဝန်ကြီးတို့က နယ်စပ်တွင် လက်ရှိဖြစ်ပေါ်နေသည့် ငွေလိမ်လုပ်ငန်းမှ ထွက်ပြေးလာသည့် နိုင်ငံခြားသားများကို စစ်ဆေးရန် မဲဆောက်မြို့ လေဆိပ်သို့ ရောက်ရှိလာသည်ဟု သိရသည်။
KK Park ဝန်းရှိ အဆောက်အဦးများကို မိုင်းခွဲ ဖျက်ဆီးနေမှုသည် ထိုင်းနိုင်ငံအပြင် မြန်မာ ဘက်ရှိ အဆောက် အဦး များလည်း အလားတူ မိုင်းစလွှင့်စင်ခြင်းများ ရှိကာ ဒေသခံများက အခြားနည်းသုံးရန် လိုလားသော်လည်း မတောင်းဆိုရဲ ဖြစ်နေသည်ဟု သိရသည်။



















