Home သတင်း ကျွန်းစုတွင် ပျူကား နှစ်စီး တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံး

ကျွန်းစုတွင် ပျူကား နှစ်စီး တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံး

395
Photo: Crd.

နိုဝင်ဘာ ၂၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြိုနယ် ကျွဲခရံကျေးရွာအုပ်စု၊ ပဲ့တိုင်ကျေးရွာဘက်သို့ ဒေသအခြေစိုက် တော်လှန်ရေး တပ်ဖွဲဝင်များက နယ်မြေကွင်းဆင်းနေစဉ် လက်နက်တင်ဆောင်လာသည့် ပျူစောထီး ကားနှစ်စီးကို တိုက်ခိုက်ခဲ့ရာ ၅ ဦး သေဆုံးသွားသည်ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ပြောသည်။

နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်အချိန်တွင် ဘုရားထွက်ကျေးရွာ မှတစ်ဆင့် ပဲ့တိုင်ကျေးရွာရှိ ပျူစောထီးစခန်းသို့ လက်နက်ခဲယမ်းများတင်ဆောင်လာသည့် ပျူစောထီးကား နှစ်စီးကို ယမုံကျေးရွာအနီးရှိ ကားလမ်းပိုင်း၌ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ကျွန်းစုမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်ငမန်းက ယခုလို ပြောသည်။

“ရဲဘက်က ၅ ဦး သေဆုံးပါတယ်။ ကျနော်တိုအနေနဲ့ ကြိုတင်သတင်းရတဲ့အတွက် ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ ကားဒါရိုက်ဘာနဲ့ ပျူစောထီးတစ်ယောက်ကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

Photo: Crd.

အဆိုပါ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပြီးနောက် ပျူစောထီးဘက်မှ သေဆုံးမှုများအပြင် ၂ ဦး ပြင်းထန်ဒဏ်ရာ များလည်း ရရှိခဲ့ကြောင်း ယနေ့ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထိုအပြင် ပျူစောထီးများ မောင်းနှင်လာသည့်ကားများပေါ်မှ (၆၀)မမ မော်တာပြောင်း (၁)ခု၊ ကျည်သီး (၅)လုံး၊ (၉)မမ ကျည်(၃၈)တောက်၊ လက်ပစ်ဗုံး (၂)လုံး၊ Uzi ကျည်ဘောက် (၂)ဘောက်၊ ဓါးမြှောင် (၁)ချောင်း၊ ဖုန်း(၁) လုံးနှင့် ပျူစောထီး ယူနီဖောင်း(၁)စုံကိုသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အရှင်ဖမ်းဆီးရမိခဲ့သည့် ကားဒါရိုက်ဘာနှင့် ပျူစောထီးတပ်ဖွဲဝင်ဟောင်း ဆိုသူ(၂)ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးအရေးယူဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများ က ပြောသည်။