Home သတင်း ကော့ကရိတ်တွင် စစ်ရှောင်နေသည့် ဒေသခံ ၂၇ ဦးကို စစ်တပ်ဖမ်းဆီးထား

ကော့ကရိတ်တွင် စစ်ရှောင်နေသည့် ဒေသခံ ၂၇ ဦးကို စစ်တပ်ဖမ်းဆီးထား

611
Photo: CJ

နိုဝင်ဘာ ၂၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြောက်ပိုင်း လှိုင်စိမ်းရွာ၊‌ ကောင်းမှု့ ရွာ ဘက်မှ စစ်ဘေးရှောက်လာသူ ဒေသခံ ၂၇ ဦးသည် ပိတခထ့ရွာ ရာဘာခြံအတွင်း ပုန်းရှောင်နေစဉ် စစ်တပ်ကတွေ့ ရှိကာ ဖမ်းဆီးသွားသည်ဟု ဒေသခံများ ထံမှ သိရသည်။

ဒေါနတောင် အောက်ဘိုတဲ လမ်းပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်တပ် စစ်ကြောင်းက သက်ကြီးရွယ်အို၊ ကလေးများပါဝင်သည့် စစ်ရှောင်မိသားစုများမှ ၂၇ ဦးကို ဖမ်းဆီးကာ ကော့ကရိတ်မြို့ဘက်သို့ ခေါ်ဆောင် သွားခြင်းဖြစ်သည်ဟု မြေပြင်ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ညဘက်ပေါ့ ဒေါန တောင်ထဲကိုထိုးတက်နေတဲ့ စစ်ကြောင်းက ပိတခထ့ ရွာရာဘာခြံတွေဘက်ကို ရောက် လာပြီး ရင်ခွင်ပိုက်ခလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ မိန်းခ‌လေးတွေ အားလုံး၂၇ ယောက်ပေါ့၊‌ ကော့ကရိတ် ကို ဖမ်းခေါ်သွားတယ်။ ယောင်္ကျား ၄ ယောက်ကိုဆက်ဖမ်းထားပြီး လမ်းပြလုပ်ခိုင်းမလား။ နှိပ်စက်နေလား မသိရသေးဘူး။ စစ်ကြောင်းမှာ ကျန်နေတယ်၊ ဘယ်သူဘယ်ဝါဆိုတာ စာရင်းတော့ယူ နေတယ်။ အဲ့ နေရာ နားမှာ တိုက်ပွဲကလည်း ပြင်းနေတယ်” ဟု ၎င်းက ပြောသည်။

မြေပြင်တွင်လည်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA မဟာမိတ်တပ်များက ကောင်းမှု့၊ စောဟဲ၊ လှိုင်းစိမ်း၊ မိဖာလဲ၊ နောင်ကိုင်းကျေးရွာများတွင် စစ်တပ်စစ်ကြောင်းကို ပိတ်ဆို့ တိုက်ခိုက်နေသည် ဟု ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။

“နှစ်ပတ် ရှိနေပြီး စစ်ကြောင်းတွေ ‌‌‌‌နေ ၃ ရာ လောက်က ပတ်ထိုးနေတာ၊ နောင်ကိုင်းဘက်၊‌ စော်ဟဲဘက်၊ ကောင်းမှု့ဘက်မှာ စစ်တပ်ကသေတာ လူ ၅၀ လောက်တော့ရှိနေပြီး။ ထိတဲ့ ကောင်တွေကို သယ်ထုတ်မရ ဖြစ် နေတယ်။ ရွာက စစ်ရှောင်လူတွေ ဖမ်းမိတဲ့နေရာဘက်မှာ ပိတ်ပြီးတိုက်နေတာ။ ကိုယ့်ဘက်က တစ်ယောက် ကျတယ်။ အခုလမ်းဟောင်းကို နေရာစုံက စုတက်၊ စုထိုး လုပ်နေတာ” ဟု ၎င်းက ပြောသည်။

စစ်တပ်က ကွီမောင်တိုင်၊ ထီဖိုးစံ၊ နောင်ကိုင်းရွာ ဘက်သို့ ဖောက်ထားသည့် ကျေးရွာခြင်းဆက်လမ်းပိုင်းမှ တံတား ၄ စင်းကို မိုင်းခွဲဖျက်ဆီးထားပြီး တောလှန်ရေးတပ်များ ပျောက်ကျားတိုက်ခိုက်မှု မခံရစေရန် ဒေသခံ များကို လူသားဒိုင်းအဖြစ်ဖမ်းဆီးကာ တပ်စွဲနေရာယူထားသည်ဟု ရှေ့တန်းသတင်းရင်းမြစ်က ဆက်ပြောသည်။

ထို့အပြင် ကျုံဒိုးမြို့ဘက်မှ စစ်ကူတပ်များ မြပတိုင်၊ ထီဖိုးစံလမ်းပိုင်းအသုံးပြုကာ စစ်ကူစစ်သားသစ်များနှင့် လက်နက်ခဲယမ်း၊ ရိက္ခာများ‌ နေ့စဉ်ပို့ဆောင်နေပြီး လက်နက်ကြီး ပစ်ကူပေးမှုများ ဆက်လုပ်နေသည်ဟု သိရသည်။