Home သတင်း KNU ဒူးပလာယာခရိုင်မှ ထိုင်းဘုရင့်မယ်တော်ကြီး နတ်ရွာစံခြင်း ဝမ်းနည်းအထိမ်းအမှတ်ပြုလုပ်

KNU ဒူးပလာယာခရိုင်မှ ထိုင်းဘုရင့်မယ်တော်ကြီး နတ်ရွာစံခြင်း ဝမ်းနည်းအထိမ်းအမှတ်ပြုလုပ်

359
Photo: KNU

နိုဝင်ဘာ ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်မှ ပြီးခဲ့သည့် ‌အောက်တိုဘာလ ၂၄ ရက်‌နေ့တွင် နတ် ရွာစံသွားသည့် နိုင်ငံ၏ ဘုရင်မယ်တော်ကြီး သီရိခေတ်၏ ဝမ်းနည်းခြင်းအထိမ်းအမှတ် ဆုတောင်းခြင်းအခမ်း အ နားကို ၎င်းတို့ထိန်းချုပ်နယ်မြေ တစ်နေရာတွင် ပြုလုပ်ခဲ့ကြောင်း ခရိုင်က နိုဝင်ဘာလ ၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဒူးပလာယာခရိုင်အတွင်းရှိ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအရာရှိများ၊ စစ်ဘက်အရာရှိများ၊ တပ်ဖွဲ့ဝင်များ၊ သင်တန်းသားများနှင့် ကျောင်းသူကျောင်းသားများ တက်ရောက်ပါဝင်ခဲ့ကြပြီး လေးစားရိုသေမှု၊ စည်းကမ်းသေဝပ်မှုနှင့် သံတမန်ဆက်ဆံရေးတို့ကို အထူးအလေးပေး၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ တပ်ပိုင်းဆိုင်ရာ ထိုင်းအာဏာပိုင်တချို့လည်း ပါဝင် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

Photo: KNU

ထိုင်းဘုရင့်မယ်တော်ကြီး သီရိခေတ်သည် ထိုင်းနိုင်ငံ၏ မိခင်တော်အဖြစ် နိုင်ငံသားများအား ချစ်ခင်စောင့် ရှောက်ခဲ့သူဖြစ်သည်။ ကြင်ယာတော် ဘုရင်ကြီး ဘူမိဘောလ် အဒူလျဒေဇ် (ရာမ ၉) နှင့်အတူ လူသားချင်း စာနာထောက်ထားမှု၊ ယဉ်ကျေးမှုထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွား ဘဝမြှင့်တင်ရေးအတွက် စီမံကိန်းများစွာ လက်တွေ့ဆောင်ရွက်ခဲ့သည်။

အထူးသဖြင့် ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူမျိုးစုများ (Hill Tribes) အတွက် အကျိုးရှိစွာ လုပ်ဆောင်ခဲ့ပြီး ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍများတွင် အထောက်အပံ့များပေးခဲ့ပြီး ထိုစီမံကိန်းများထဲတွင် ကရင်လူမျိုးစုများအတွက် အကျိုးပြုသည့် လုပ်ဆောင်ချက်များလည်း ပါဝင်ကြောင်း ဒူးပလာယာခရိုင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Photo: KNU

လက်ရှိ ဘုရင်မဟာဝီဇယလောင်ကွန်း၏ မယ်တော်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ (၉)ဆက်‌မြောက် ဘုရင် ဘူမိ‌ဘောအ ဒူယာဒက်၏ မိဖုရားဖြစ်သော ဘုရင်မဟောင်း သီရီခေတ်သည် နတ်ရွာစံချိန်တွင် သက်‌တော် (၉၃) နှစ်ရှိပြီဖြစ်‌သည်။

ထိုင်းဘုရင်မင်းမြတ်သည် မိခင်ဖြစ်သူ မိဖုရားကြီးသီရိခေတ် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းခြင်းကာလကို တစ်နှစ်အထိ သတ်မှတ်ခဲ့သည်ဟု သိရသည်။