Home သတင်း သထုံခရိုင်တွင် လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သား ၈ ဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာရခဲ့

သထုံခရိုင်တွင် လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သား ၈ ဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာရခဲ့

633
Photo caption: သထုံမြို့မြင်ကွင်း ( Photo: Social Media)

နိုဝင်ဘာ ၂၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/သထုံခရိုင်နယ်မြေအတွင်း ပြီးခဲ့သည့် အောက်တိုဘာ တစ်လအတွင်း စစ်အုပ်စုမှ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ ၈ ဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူက ပြုစုထားသည့်စာရင်းအရ သိရသည်။

အောက်တိုဘာ(၉)ရက်နေ့က ဘီးလင်းမြို့နယ်၊ ပျဥ်းမပင်ဆိပ်ကျေးရွာသို့ စစ်အုပ်စုကလေယာဥ်ဗုံးကြဲခဲ့ရာ ကလေးငယ် ၅ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရခဲ့သည့်ဖြစ်စဥ်အပါအဝင် ကျန်ရှိ ဖားအံ၊ သထုံ၊ ကျိုက်ထိုမြို့နယ်တို့တွင် တစ်လအတွင်း လက်နက်ကြီးနှင့် ဒရုန်းပစ်ခတ်ခြင်းတို့ကြောင့်လည်း နောက်ထပ် ဒေသခံ ၃ဦးသေဆုံး၍ ၁၈ ဦးထိခိုက်သွားသည်ဟု ဆိုသည်။

စစ်အုပ်စုက ပစ်ခတ်မှုအကြိမ်တိုင်း တိုက်ပွဲဖြစ်ပွားမှုမရှိသည့် အရပ်သားပြည်သူနေထိုင်ရာရွာများကို ပစ်မှတ်ထားခြင်းကြောင့် ပြည်သူထိခိုက်သေဆုံးရုံသာမက နေအိမ်(၁၅)လုံးပျက်စီးပြီး အိမ်မွေး တိရစ္ဆာန်နှင့်စိုက်ပျိုးသီးနှံများ ဆုံးရှုံးနစ်နာရကြောင်းလည်း ကေအဲန်ယူ တပ်မဟာ(၁)က ပြောသည်။

ထို့အတူ သထုံခရိုင်အတွင်း ရွေးကောက်ပွဲ ကာလနီးကပ်လာသည်နှင့်အမျှ စစ်အုပ်စုအင်အားတိုးမြှင့်ခြင်း၊ စစ်ကြောင်းလှည့်လည်ခြင်းများ ပိုမိုလုပ်ဆောင်လျက်ရှိသည်ဟု ခရိုင်တွင်းသတင်းအရင်းအမြစ်များက ပြောသည်။ ထို့ကြောင့် နှစ်ဖက်တိုက်ပွဲများနေ့စဥ်နီးပါးဖြစ်ပွားခဲ့သလို ၎င်းအချိန်တိုင်းတွင်လည်း စစ်အုပ်စုကလက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်လေ့ရှိသည်ဟု ဆိုသည်။

အောက်တိုဘာ(၁)ရက်မှ (၂၉)ရက်နေ့အထိ သထုံခရိုင်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA မဟာမိတ်တပ်များနှင့်စစ်အုပ်စုတို့ တိုက်ပွဲပေါင်း(၃၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်းလည်း ကေအဲန်ယူစာရင်းတွင် ဖော်ပြထားသည်။

၎င်းစာရင်းအရ တိုက်ပွဲများအတွင်း စစ်အုပ်စုဘက်မှ တပ်ဖွဲ့ဝင် (၁၂) ဦးသေဆုံးပြီး (၂၃) ဦးဒဏ်ရာရသည်ဟု ဖော်ပြထားပြီး တော်လှန်ရေးအင်အားစုဘက်မှ ထိခိုက်မှုများကို မထည့်သွင်းခဲ့ပါ။

အလားတူ ယခုနိုဝင်ဘာလတွင်လည်း သထုံခရိုင်၌ စစ်အုပ်စု၏ လေကြောင်းမှနေ၍ရော လက်နက်ကြီးဖြင့်ပစ်ခတ်မှုများပါ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ဒေသခံအမျိုး သားတစ်ဦးနှင့်အမျိုးသမီးတစ်ဦး ကျည်စမှန်ဒဏ်ရာရထားကြောင်း သိရသည်။