နိုဝင်ဘာ ၂၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်ဒေသရှိ ကျားဖြန့် အွန်လိုင်းငွေ လိမ်လုပ်ငန်းများမှ သိမ်းဆည်းရမိထားသည့် သက်သေခံ ကွန်ပျူတာနှင့်ဖုန်းများကို ကရင်နယ်ခြားစောင့်တပ်-BGF နှင့်စစ်အုပ်စုပူးပေါင်းတပ်များက စက်ယန္တရားများဖြင့် ဖျက်ဆီးပြခဲ့ကြောင်း သိရသည်။
BGF နှင့်ထိုင်းသတင်းဌာနအချို့တွင် ဖော်ပြပြောဆိုမှုအရ ရွှေကုက္ကိုလ်ဒေသရှိ ကျားဖြန့ ်များကိုရှင်းလင်းရန် စစ်အုပ်စုဦးဆောင်မှုဖြင့် အထူးစစ်ဆင်ရေးအဖွဲ့ဖွဲ့စည်း၍ နိုဝင်ဘာ(၁၈)ရက်မှစတင်လုပ်ဆောင်နေခြင်းဖြစ်သည်။
၅ ရက်အတွင်း ကျားဖြန့်လုပ်ကိုင်သူ ၁,၀၀၀ ဦးရေထက်မနည်းနှင့်တကွ ကွန်ပျူတာ ၃,၀၀၀ ဝန်းကျင်၊ မိုဘိုင်းဖုန်း နှစ်သောင်းကျော်ကို စစ်အုပ်စု BGF ပူးပေါင်းအဖွဲ့က သိမ်းဆည်းရမိထားသည်ဟု စစ်အုပ်စုထိန်းချုပ်ထားသည့် မီဒီယာများတွင် ဖော်ပြသည်။
အဆိုပါ ဖမ်းဆီးရမိသော သက်သေခံပစ္စည်းများကို နိုဝင်ဘာ(၂၂)ရက်နေ့ မွန်းလွဲပိုင်းတွင် ရွှေကုက္ကိုလ်နှစ်သစ်ကူးကွင်းနေရာ၌ လမ်းကြိတ် စက်ဖြင့်ဖျက်ဆီးပြခဲ့ခြင်းဖြစ်သည်။

ကျားဖြန့်လုပ်ငန်းခွင်တွင် အသုံးပြုထားသည့်ပစ္စည်းများဖြစ်ပြီး ဆက်လက်ထိန်းသိမ်းထားရန် နိုင်ငံ့ဥပဒေနှင့်လည်းမညီသော်ကြောင့် ဖျက်ဆီးပစ်လိုက်သည်ဟု စစ်အုပ်စုက ဆိုသည်။
သို့သော် သက်သေခံပစ္စည်းများကို ဆက်လက်ထားရှိပြီး လိုအပ်သည့်စုံစမ်းစစ်ဆေးမှု လုပ်ဆောင် ရမည့်အစား ဖျောက်ဖျက်ပစ်လိုက်၍ ပြည်သူလူထုက လူမှုကွန်ရက်မီဒီယာမှတဆင့် ၎င်းတို့လုပ်ရပ်ကို မေးခွန်းထုတ် ဝေဖန်နေကြသည်။
ထိုသက်သေခံပစ္စည်းများအပြင် နိုဝင်ဘာ(၁၈)ရက်မှ(၂၃)ရက်နေ့အထိ ခြောက်ရက်အတွင်း ကျားဖြန့်လုပ်ကိုင်သူ ၁,၅၄၀ ဦးကိုလည်း စစ်အုပ်စုပူးပေါင်းအဖွဲ့က ဖမ်းဆီးထားပြီး ၎င်းတို့ နေရပ်ပြန်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့်ညှိနှိုင်းကာ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်းအခြေစိုက် သတင်းဌာနတစ်ခုက ဖော်ပြသည်။

ဆက်လက်၍ ကျားဖြန့်အထူးစစ်ဆင်ရေးကို ရက်အကန့်အသတ်မရှိ ပြုလုပ်သွားမည်ဖြစ်သလို ကျားဖြန့် လုပ်ကိုင်သူများကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် နေရပ်ပြန်ပို့ရေးကိုလည်း စစ်အုပ်စုဘက်က ဆောင်ရွက်မည်ဟု ပြီးခဲ့သည့် နိုဝင်ဘာ(၂၀)ရက်နေ့က သတင်းမီဒီယာများနှင့်အင်တာဗျူးကဏ္ဍ၌ BGF ပြောခွင့်ရ ဗိုလ်မှူးကြီး နိုင်မောင်ဇော်က ဖြေကြားထားသည်။
BGF နှင့်စစ်အုပ်စုသည် အမေရိကန်၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မြန်မာ နယ်စပ်ရှိ ကျားဖြန့်နှိမ်နင်းရေးကြိုးပမ်းချက်များမတိုင်ခင်က မြဝတီတောင်ဘက်ရှိ နိုင်ငံဖြတ် ကျော်ရာဇဝတ်မှုလုပ်ငန်းများဖြင့် နာမည်ဆိုးထွက်ခဲ့သည့် KK Park ခြံဝင်းကို ဖောက်ခွဲဖျက်ဆီးပြခဲ့သည်။ သို့သော် အဆိုပါ လုပ်ဆောင်ချက်သည် ဟန်ပြလုပ်ရပ်သာဖြစ်ကြောင်း လူထုအဝေဖန်ခံခဲ့ရသေးသည်။



















