Home သတင်း တစ်လအတွင်း ဗုံးကြဲခံရမှုကြောင့် အရပ်သား ၂၀၀ နီးပါးသေဆုံးပြီး ကလေး ၃၈ ဦးပါဝင်ဟု NUG ပြော

တစ်လအတွင်း ဗုံးကြဲခံရမှုကြောင့် အရပ်သား ၂၀၀ နီးပါးသေဆုံးပြီး ကလေး ၃၈ ဦးပါဝင်ဟု NUG ပြော

659
Photo: TNLA

နိုဝင်ဘာ ၁၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း စစ်တပ်က နိုင်ငံတဝှမ်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုပေါင်း (၂၅၀)ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သား(၁၈၅)ဦး သေဆုံးကာ ၎င်းထဲတွင် အသက် ၁၈နှစ်အောက် ကလေးသူငယ် (၃၈)ဦး ပါဝင်သည်ဟု NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့အပြင်လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၅၂၂)ဦးအထိရှိပြီး ၎င်းထဲတွင် အသက်(၁၈)နှစ် အောက်(၆၇)ဦး၊ အသက်(၁၈)နှစ်အထက် (၂၇၂)ဦးနှင့် ခွဲခြား၍မရသောသူ (၁၈၃)ဦးအထိရှိနေကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပြောဆိုသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုများကြောင့် နိုင်ငံတဝှမ်းတွင် စာသင်ကျောင်း(၂၄)ကျောင်း၊ ဆေးရုံ၊ ဆေးခန်း(၃) လုံး နှင့် ဘာသာရေး အဆောက်အအုံ (၁၈)ခု ပျက်စီးဆုံးရူံးခဲ့သည်ဟု NUG အစီရင်ခံစာ၌ ဖော်ပြထားသည်။

စစ်အုပ်စုတပ်သည် အရပ်သားပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်၊ လေကြောင်းတိုက်ခိုက်မှုနှင့် အဓမ္မစစ်သားစုဆောင်းမှုများကို တစ်လထက်တစ်လ ပိုမို လုပ်ဆောင်နေသည်ဟု (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။

လတ်တလောတွင် စစ်အုပ်စုသည် နိုင်ငံအနှံ့ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန် ဆက်တိုက် ပြင်ဆင် လုပ်ဆောင်နေပြီး လက်လွှတ်ထားရသည့် နယ်မြေအများစုကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် အရှိန် မြှင့်တင် စစ်ကြောင်းထိုးနေသည်ဟု တော်လှန်ရေးတပ်များက ပြောသည်။