Home သတင်း ရွှေကုက္ကိုလ်က ကျားဖြန့်အင်ပါယာခေါင်းဆောင် ရှီကျင်ကျန်းကို ထိုင်းအစိုးရမှ တရုတ်ထံ ယနေ့ လွှဲပြောင်းမည်

ရွှေကုက္ကိုလ်က ကျားဖြန့်အင်ပါယာခေါင်းဆောင် ရှီကျင်ကျန်းကို ထိုင်းအစိုးရမှ တရုတ်ထံ ယနေ့ လွှဲပြောင်းမည်

169
Photo: The Reporters

နိုဝင်ဘာ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ရွှေကုက္ကိုလ်မြို့က ကျားဖြန့်အင်ပါယာ၏ Godfather ဟု ထိုင်းမီဒီယာများက သုံးနှုန်းသည့် (Mr. She Zhijiang ) မစ္စတာ ရှီကျင်ကျန်းကို ယနေ့ ညနေ ထိုင်းစံတော်ချိန် ညနေ ၄ နာရီ ၂၀ မိနစ်တွင် ထိုင်းအစိုးရမှ တရုတ်အစိုးရထံ သို့ လွှဲပြောင်းမည်ဟု သိရသည်။

အဆိုပါလွှဲပြောင်းမှုကို ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ လက်ထောက်ကော်မရှင်နာ အရာရှိနှင့်အတူ ထိုင်း CIB ၏ ဟာနုမန် အထူးအော်ပရေးရှင်း ယူနစ်က ဦးဆောင် ကိုင်တွယ်ခြင်းဖြစ်ပြီး တရုတ်အစိုးရ လုံခြုံရေးတပ်ဖွဲ့များလည်း ပါဝင်သည်။

မစ္စတာ ရှီကျင်ကျန်းကို ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ် ရွှေကုက္ကိုလ်မြို့က ကျားဖြန့်အင်ပါယာအတွက် ထိပ်ပိုင်းသံသရရှိသူ တစ်ဦးအနေဖြင့် ထိုင်းအာဏာပိုင်များက ဘန်ကောက်မြို့တွင် ၂၀၂၂ ခုနှစ် ဩဂုတ်လက ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။

သူသည် ရထိုက်နိုင်ငံတကာလုပ်ငန်းစုကုမ္ပဏီ၏ ဥက္ကဋ္ဌတစ်ဦးဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများတွင် ကာစီနိုနှင့် အွန်လိုင်းငွေကြေး လုပ်ငန်းများအတွက် အဓိက ရင်းနှီးမြှုပ်နှံသူလည်း ဖြစ်သည်။

သူ့ကို ထိုင်းအာဏာပိုင်များက ထိန်းသိမ်းလိုက်ချိန်တွင် တရုတ်နိုင်ငံသားများကို ဘတ်ငွေတန်ဖိုး ဘီလီယံနှင့် ချီ လိမ်လည်ရယူခဲ့ခြင်းဟု ထိုင်းအာဏာပိုင်များက ဆိုသည်။

တရုတ်အစိုးရထံသို့ မလွှဲပြောင်းခင် မစ္စတာ ရှီကျင်ကျန်းကို ဘန်ကောက်မြို့က ခလုန်ဖရမ် ဗဟိုထောင်၌ ထိန်းသိမ်းထားရစဉ်အတွင်း သူသည် အိမ်ခြံမြေပွဲစား တစ်ဦးဖြစ်ကြောင်းနှင့် တရုတ်အစိုးရ လုံခြုံရေးအေဂျင်စီများ၏ နိုင်ငံရေးဖိနှိပ်မှုကို ခံထားရသူဖြစ်ကြောင်းဟု ရုံးတော်တွင် လျှောက်ထားခဲ့သည်။