နိုဝင်ဘာလ ၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ–ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) နယ်မြေ/မူတြော် (ဖာပွန်) ခရိုင်တွင် ပြီးခဲ့သည့် အောက်တိုဘာလ တစ်လတာအတွင်း တိုက်ပွဲပေါင်း (၁၂၁) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း စစ်တပ် ဘက်မှ (၃၄) ဦး သေဆုံးခဲ့ကြောင်း ယနေ့ ထုတ်ပြန်သည့် ကေအဲန်ယူ မူတြော်ခရိုင်၏ လချုပ်မှတ်တမ်းအရ သိရသည်။
အောက်တိုဘာလ (၁) ရက်မှ (၃၁) ရက်နေ့အထိ အာဏာသိမ်းစစ်တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- KNLA တို့ ပူးပေါင်းတပ်ဖွဲ့အကြား နှစ်ဖက်တိုက်ပွဲပေါင်း (၁၂၁) ကြိမ်မှ စစ်အုပ်စုတပ်ဖွဲ့ဝင် တပ်ရင်းမှူးအဆင့် (၁) ဦး၊ တပ်ကြပ်ကြီးအဆင့် (၁) ဦးနှင့် ဗိုလ်ကြီးအဆင့် (၁) ဦး အပါအဝင် (၃၄) ဦး သေဆုံးပြီး (၇၈) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကေအဲန်ယူဘက်က ပြောသည်။
အဆိုပါ တိုက်ပွဲတွင် စစ်အုပ်စု၏ ဌာနဆိုင်ရာ အဆောက်အဦး (၁) လုံးကို KNLA တပ်မဟာ (၅) ပူးပေါင်းတပ်ဖွဲ့ဘက်က တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း မူတြော်ခရိုင်သတင်းစဉ်က ဆိုထားသည်။
၎င်းအပြင် မူတြော်ခရိုင်အတွင်း အာဏာသိမ်းတပ်က အရပ်သား ပြည်သူလူထုများ နေထိုင်ရာ ကျေးရွာအတွင်းသို့ ဒရုန်းဖြင့် တိုက်ခိုက်မှု (၁၂) ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု (၅) ကြိမ်နှင့် တိုက် လေယာဉ်ဖြင့် ဗုံးအလုံးရေ (၁၄) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ (၁) ဦး သေဆုံးခဲ့ရပြီး (၆) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုကဲ့သို့ အာဏာသိမ်းတပ်၏ လေကြောင်းနှင့် လက်နက်ကြီးများဖြင့်ပါ ဒရုန်းဗုံးကြဲ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သောကြောင့် နေအိမ် (၄) လုံးအပါအဝင် စာသင်ကျောင်းနှင့် ဘာသာရေးကျောင်းများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
စစ်အုပ်စုတပ်သည် KNU နယ်မြေသို့ နေ့စဉ်နှင့်အမျှ ရည်ရွယ်ချက်ရှိရှိ အရပ်သားပြည်သူများအား အဓိက ပစ်မှတ်ထား၍ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် အရပ်သားပြည်သူများအနေဖြင့် ထိခိုက်သေဆုံးမှုများ ကြုံတွေ့ခံစားနေရပြီး ထိတ်လန့် ကြောက်ရွံ့စွာဖြင့် ရှင်သန်နေထိုင်နေရသည်ဟု ကေအဲန်ယူ-ဗဟိုက ပြောသည်။
KNU တပ်မဟာ (၅) ၏ သတင်းထုတ်ပြန်ချက်အရ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း အာဏာသိမ်း စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA တို့ ပူးပေါင်းတပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲ (၁၁၃) ကြိမ်၊ ယခု အောက်တိုဘာလလယ် (၁၅) ရက်ထိ တိုက်ပွဲ (၅၂) ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။



















