Home သတင်း ဖက်ဒရယ်မျှော်မှန်းချက်နှင့်ဆန့်ကျင်ဘက် ရွေးကောက်ပွဲတွင် မပါဝင်ကြရန် မွန်-ခမာအုပ်စု တိုက်တွန်း

ဖက်ဒရယ်မျှော်မှန်းချက်နှင့်ဆန့်ကျင်ဘက် ရွေးကောက်ပွဲတွင် မပါဝင်ကြရန် မွန်-ခမာအုပ်စု တိုက်တွန်း

340
Photo: GSCB

နိုဝင်ဘာ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဝ၊ တအာင်း၊ မွန် လူငယ်သုံးဖွဲ့ပူးပေါင်းထားသည့် မွန်-ခမာအုပ်စုက စစ်အုပ်စု၏ ရွေးကောက်ပွဲကိုဝန်းရံပေးခြင်းသည် တော်လှန်ရေးရည်မှန်းချက်၊ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး မျှော်မှန်းချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသောကြောင့် ပူးပေါင်းပါဝင်မှုမပြုကြရန် ယနေ့ရက်စွဲဖြင့် ထုတ်ပြန်တိုက်တွန်းသည်။

စစ်အုပ်စုရွေးကောက်ပွဲက အာဏာသိမ်းထားသည့်ကာလအတွင်း ၎င်းတို့ကျူးလွန်ထားသော ရာဇဝတ်မှု များကိုရှောင်ရှားရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံကို အသက်သွင်းရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း မွန်-ခမာ အုပ်စု၏ ပူးတွဲထုတ်ပြန်ချက်က ဆိုသည်။

ထို့ကြောင့် မိမိတို့လူငယ်များအနေဖြင့် ရွေးကောက်ပွဲကိုဆန့်ကျင်သလို ပြည်တွင်း၊ပြည်ပ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ အရပ်ဖက်အဖွဲ့များနှင့် နိုင်ငံရေး သမားများအနေဖြင့်လည်း ပူးပေါင်းဝန်းရံခြင်း မပြုလုပ်ကြရန် တိုက်တွန်းထားသည်။

နိုင်ငံတကာအစိုးရ၊ အဖွဲ့အစည်းများနှင့် အိမ်နီးချင်းနိုင်ငံများကလည်း ရွေးကောက်ပွဲအတွက် နည်း ပညာပံ့ပိုးခြင်း၊ စိတ်ဝင်တစားစောင့်ကြည့်လေ့လာခြင်း၊ အသိမှတ်ပြုခြင်းနှင့် ပံ့ပိုး ကူညီခြင်းတို့မလုပ်ကြရန် မွန်-ခမာ လူငယ်အုပ်စုက တပါတည်းတိုက်တွန်းဖော်ပြသည်။

ထိုအစား နိုင်ငံတကာက ပြည်နယ်အားကောင်းရေးမှပြည်ထောင်စုအားကောင်းရေး ချည်းကပ်မှုကို လက်ကိုင်ထားသည့် တော်လှန်ရေးအင်အားစုများအပါအဝင် ပြည်သူ့တော်လှန်ရေးကို ဦးဆောင်နေသည့် တက်ကြွလှုပ်ရှားမှုမှန်သမျှနှင့် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်ဟု မွန်၊ တအာင်းနှင့် ဝတို့ပါဝင်သော အဖွဲ့တို့က ဆိုသည်။

ရွေးကောက်ပွဲကို စစ်အုပ်စုက အပိုင်း(၃)ပိုင်းဖြင့် မြို့နယ်ပေါင်း ၂၇၄ မြို့နယ်၌ ကျင်းပပြုလုပ်မှာဖြစ်ပြီး တစ်နိုင်ငံလုံံးပါဝင်ယှဥ်ပြိုင်မည့် ပါတီ(၆)ခုနှင့် တိုင်းဒေသကြီး၊ပြည်နယ်အဆင့်တွင်ပါဝင်မည့် (၅၁)ပါတီ စုစုစုပေါင်း (၅၇)ပါတီ ရှိသည်။

ရွေးကောက်ပွဲကော်မရှင်၏စာရင်းအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးပါတီ (NUP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ ပြည်သူ့ပါတီ (PP)၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)-SNDP နှင့် မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (MFDP) တို့က တစ်နိုင်ငံလုံးတွင် ပါဝင်ယှဥ်ပြိုင်မည့် ပါတီများဖြစ်သည်။

နိုင်ငံရေးတွင် စစ်အုပ်စုဝင်ပါပြီး အာဏာသိမ်းရာမှ ဖြစ်လာသည့် ပဋိပက္ခ ချုပ်ငြိမ်းရန် ရွေးကောက်ပွဲလုပ်၍ ပြည်သူ့အစိုးရတင်မြှောက်မှဖြစ်မည်ဟု လက်ရှိဝင်ရောက်ယှဥ်ပြိုင်သော ပါတီအသိုင်းအဝိုင်းနှင့်စစ်အုပ်စုဘက်က ဆိုသည်။

သို့သော် လေ့လာသုံးသပ်သူများနှင့် ရွေးကောက်ပွဲစိတ်ဝင်စားသည့် လူထုအသိုင်းအဝိုင်းကမူ စစ်ယူနီဖောင်းလဲ၍ ဝင်အရွေးခံသူများ၊ စစ်အုပ်စုနှင့်ဆက်ဆံရေးရှိသည့် ပါတီကိုယ်စား လှယ်များသာပါပြီး အပြိုင်အဆိုင်မရှိသည့် ရွေးကောက်ခံစနစ်အပေါ် ထောက်ပြဝေဖန်နေကြသည်။ ၎င်းအပြင် တော်လှန်ရေးအင်အားစုများကလည်း ရွေးကောက်ပွဲကိုအယုံအကြည်မရှိ၊ လက်မခံကြောင်း ဆန့်ကျင်ပြောဆိုနေကြသည်။