Home သတင်း ပြည်နယ်‌နေ့ ဒုံးပြိုင်ပွဲ ဘက်စုံဒုံး ပထမဆု BGF ခေါင်းဆောင် ဗိုလ်မှူးကြီးချစ်သူ သမီးဦးဆောင် ဒုံးအဖွဲ့ရရှိ

ပြည်နယ်‌နေ့ ဒုံးပြိုင်ပွဲ ဘက်စုံဒုံး ပထမဆု BGF ခေါင်းဆောင် ဗိုလ်မှူးကြီးချစ်သူ သမီးဦးဆောင် ဒုံးအဖွဲ့ရရှိ

162
Photo credit to Ar Ku’s

နိုဝင်ဘာလ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သီရိကွင်း၌ နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်‌နေ့အထိ ကျင်းပခဲ့‌သော နှစ် ၇၀ ပြည့် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲ‌တော်၏ ရိုးရာဒုံးပြိုင်ပွဲတွင် ပထမဆုကို BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူသမီးဦးဆောင်သည့် မြဝတီမြို့နယ် ရွှေကုက္ကိုလ်မြိုင်ကိုယ်စားပြု ယဉ်‌ကျေးမှုဒုံးအဖွဲ့က ရရှိခဲ့သည်ဟု သိရသည်။

အဆိုပါ ပြည်နယ်‌နေ့ အထိမ်းအမှတ် ဒုံးပြိုင်ပွဲတွင် ကပြဖျော်ဖြေခဲ့သည့် နယ်ခြားစောင့်တပ်(BGF)အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ်စောချစ်သူ၏ သမီးဖြစ်သူ နန်းနှင်းနန္ဒာအေး ဦးဆောင်သော ဒုံးအဖွဲ့သည် ဘက်စုံအကထူးချွန်ဆု ပထမဆု၊ ရာဓညာဆုတောင်းတေးသီးချင်းဆု ဒုတိယဆုနှင့် တေးသီးချင်း စာသားဆု ဒုတိယဆုတို့ရရှိခဲ့သည့်အပြင် ဘက်စုံတံခွန်စိုက်ဆုကိုလည်း ရရှိခဲ့သည်ဟု ဆိုသည်။

“ ဘယ်အဖွဲ့မှာ ဘယ်သူတွေပါကတည်းက ဆုရမယ့်အဖွဲ့ကို ခန့်မှန်းမိပြီးသားပဲ။ သွားကြည့်စရာတောင် မလိုဘူး။ ဆန်ခါတင်ဖွဲ့ဆိုလို့ ကြည့်တာ ၅ဖွဲ့က သူတို့ဘက် အဖွဲ့တွေပဲလေ။ ပြောရရင် တဖက်တလမ်းက အားသာ နေတာကိုး။ ဆုက သူတို့ အဖွဲ့ထဲက ဒုံးပဲ ပြန်ပေးနေသလိုပါပဲ။ တစ်ခြားဒုံး ဒီထက်ကောင်းတာလည်း ရှိတယ်ဘာဆုမှမရဘူး” ဟု ဖားအံ မြို့ခံအမျိုးသမီးတစ်ဦး ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဒုတိယနှင့် တတိယဆုများကိုလည်း BGF ဒုံးအဖွဲ့နှင့် ‌မြဝတီခရိုင် ယဉ်‌ ကျေးမှုဒုံး အဖွဲ့တို့ကလည်း‌ကောင်း၊ စတုတ္ထဆုကို ဒုံရင်းတိုက်နယ် ယဉ်‌ကျေးမှုဒုံးအဖွဲ့၊ ပဉ္စမဆုကို ဖားအံမြို့နယ် ‌မိဇံတိုက်နယ်ကိုယ်စားပြု ယဉ်‌ကျေးမှုဒုံးအဖွဲ့တို့က အသီးသီး ဆွတ်ခူးသွားခဲ့ကြသည်။

ပြည်နယ်‌နေ့ အထိမ်းအမှတ် ဒုံးယိမ်းပြိုင်ပွဲသို့ ဒုံးအဖွဲ့များက အကြိတ်အနယ် ဝင်‌ရောက်ယှဉ်ပြိုင်လေ့ရှိပြီး ဆု‌ရွေး ချယ်ရာတွင် အဓိကကျသည့် အမှတ်‌ပေးဒိုင်များ ဘက်လိုက်မှု၊ လာဘ်စားမှုများရှိသည်ဟု အင်တာနက် လူမှုကွန် ရက်စာမျက်နှာတွင်လည်း နှစ်စဉ်နှစ်တိုင်း ‌ဝေဖန် မှုများရှိနေသည်ဟု နောက်ထပ်မြို့ခံတစ်ဦးက ပြောသည်။

ထိုကဲ့သို့ ဒုံးပြိုင်ပွဲတွင် အမှတ်ပေးဒိုင်များတွင်လည်း ဘက်လိုက်မှုများအပေါ် ဆုရမည့်အဖွဲ့များမှ မရနိုင်ခဲ့ သည့်အခြေအနေများလည်း ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

ကရင်ပြည်နယ်‌နေ့တွင် ကျ‌ရောက်သည့် နိုဝင်ဘာလ ၇ ရက်မှ ၉ ရက်‌နေ့အထိ ပြိုင်ပွဲဝင်ဒုံး အဖွဲ့ ၂၀ မှ ယှဉ်ပြိုင် ကပြခဲ့ကြပြီး‌နောက် အကဲဖြတ်ဒိုင်အဖွဲ့က ‌နောက်ဆုံး လက်‌ရွေးစင် ဒုံးအဖွဲ့ (၁၀)ဖွဲ့ကို ၁ဝ ရက်‌နေ့ညတွင် ဆက် လက် ‌ရွေးချယ်ယှဉ်ပြိုင်‌စေခဲ့ခြင်းလည်းဖြစ်သည်။

Photo credit to Ar Ku’s

အဆိုပါ လက်‌ရွေးစင်ဒုံးအဖွဲ့များသည် နိုဝင်ဘာလ ၁ဝရက် ည(၇)နာရီအချိန်တွင် တဖန် ထပ်မံ ယှဉ်ပြိုင် ကပြခဲ့ကြအပြီးတွင် အကဲဖြတ်ဒိုင်များ ဦး‌ဆောင်သည့်အဖွဲ့က ဆု‌တောင်းပထနာ(ရာဓညာ.)ဆု၊ သီချင်းဆု၊ အကြိုးစားဆုံးဆု၊ နှစ်သိမ့်ဆုများ၊ ဘက်စုံဒုံးဆုနှင့် ဘက်စုံထူးချွန်ဆု စသည်အားဖြင့် ဆုအမျိုးအစားအလိုက် အကဲဖြတ် ‌ရွေးချယ်ချီးမြှင့်‌ပေးခဲ့ကြသည်။

ပထမဆုကို ‌ငွေကျပ်သိန်း ၅၀ ချီးမြှင့်ခြင်းဖြစ်သည်။ ဆုရရှိသည့် ဒုံးအဖွဲ့များကို ဒိုင်းဆုတံဆိပ်များနှင့်အတူ ‌ငွေသားဆုများ အသီးသီး ‌ပေးအပ်ခဲ့ကြသည့်အပြင် တစ်ဖွဲ့ချင်းစီ ယှဉ်ပြိုင်ပြီးသည့်အခါတိုင်းလည်း လာ‌ရောက်ကြည့်ရှုအား‌ပေးသည့် ဧည့်ပရိဿတ်များနှင့် ‌ဒေသလုပ်ငန်းရှင် တသီးပုဂ္ဂလများကလည်း ဆုချီးမြှင့်‌ပေးအပ်ခဲ့ကြသည်။

ယခုနှစ် ပြည်နယ်နေ့တွင် ဖားအံမြို့နယ်အတွင်းရှိ ဒုံးအဖွဲ့ ဦးစီးဆောင်ရွက်နေသူတစ်ဦးက “ ဒုံးအဖွဲ့‌တွေက ဝင်ပြိုင်ဖို့ဆိုတာ ‌ငွေ‌ကြေးကုန်ကျမှု တအားများတယ်။ ဒုံးအဖွဲ့‌တွေဟာ ရတဲ့ဆု‌ကြေး‌ငွေနဲ့ တကယ်ကုန်ကျမှုက ဘယ်လိုမှ မကာမိဘူး။ ယဉ်‌ကျေးမှုကို ထိန်းသိမ်းတဲ့အ‌နေနဲ့ ယှဉ်ပြိုင်ရတဲ့ အစဉ်အလာလို့ပဲ ပြောရမှာပေါ့” ဟု ၎င်းက ပြောသည်။

ယခုနှစ်၏ အ‌ကောင်းဆုံး ဆု‌တောင်းပထနာ(ရာဓညာ.) ပထမဆုကို ‌မြဝတီခရိုင် ယဉ်ကျေးမှု ဒုံးအဖွဲ့၊ ဒုတိယဆုကို ရွှေကုက္ကိုလ်မြိုင် ဒုံးအဖွဲ့နှင့် တတိယဆုကို ဖားအံမြို့တော်ဒုံး အဖွဲ့တို့ ရရှိခဲ့ပြီး အ‌ကောင်းဆုံးဒုံး ‌တေးသီချင်းဆုကို ပထမ ဒုံရင်းတိုက်နယ်ဒုံးအဖွဲ့၊ ဒုတိယ ရွှေကုက္ကိုလ်မြိုင်အဖွဲ့နှင့် တတိယ BGF ဒုံးအဖွဲ့တို့ ဆွတ်ခူးသွားခဲ့သည်။

၂၀၂၄ ခုနှစ်(ယမန်နှစ်)၏ ဒုံးပြိုင်ပွဲ ပထမဆုကို ချစ်သူမြိုင်ဥယျာဉ်ယဉ်‌ကျေးမှုဒုံးအဖွဲ့က ဆွတ်ခူးရရှိခဲ့ပြီး ဒုတိယနှင့် တတိယဆုများကို နှင့် ဖားအံမြို့‌တော် ယဉ်‌ကျေးမှုဒုံးအဖွဲ့နှင့် ဒုံရင်းတိုက်နယ်ယဉ်ကျေးမှု ဒုံးအဖွဲ့တို့က အသီးသီး ဆွတ်ခူးခဲ့ကြသည်။