Home သတင်း ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေးစာချုပ် ဆိုင်းငံ့သော ကြေညာချက်အပေါ် နိုင်ငံတကာ စိုးရိမ်နေ

ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေးစာချုပ် ဆိုင်းငံ့သော ကြေညာချက်အပေါ် နိုင်ငံတကာ စိုးရိမ်နေ

463
Photo: Thai Enquirer & Social Media

နိုဝင်ဘာ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြေမြှုပ်မိုင်းကိစ္စကြောင့် အောက်တိုဘာလ ၂၆ ရက်နေ့တွင် အာဆီယံ ထိပ်သီးအစည်းအဝေးမှ ထိုင်းနှင့် က မ္ဘောဒီးယား ၂ နိုင်ငံ ငြိမ်းချမ်းရေး သဘောတူညီချက် အကောင်အထည်ဖော်မှုကို ရပ်ဆိုင်းသည့်အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်တကြီး စောင့်ကြည့်နေသည်ဟု Thai Enquirer သတင်းဌာနတွင် ရေးထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းဖြစ်ပွားလာသော မြေမြှုပ်မိုင်းကိစ္စကြောင့် ယခင်လ အောက်တိုဘာလ ၂၆ ရက်နေ့တွင် အာဆီယံ ထိပ်သီးအစည်းအဝေးမှ ထိုင်းနှင့် ကမ္ဘောဒီးယား ၂ နိုင်ငံလက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက် အကောင်အထည်ဖော်မှုကို ရပ်ဆိုင်းကြောင်း ထိုင်းဘက်က ယမန်နေ့တွင် ကြေညာလိုက်သည်။

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တနေရာတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိုင်းစစ်သား ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သောကြောင့် ကမ္ဘောဒီးယားစစ်သုံ့ပန်း ၁၈ ဦးကို ပြန်လွှတ်ပေးမည့် အစီအစဥ်ကိုလည်း ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး ကြေညာချက်ကိုလည်း ဆိုင်းငံ့သည်ဟု ထိုင်းအစိုးရက ဆိုသည်။

ကမ္ဘောဒီးယားအစိုးရအနေဖြင့် လတ်တလောတွေ့ရှိသော မြေမြှုပ်မိုင်းများကိစ္စကို ငြင်းဆန်ထားပြီး ၁၉၇၀ နှင့် ၁၉၈၀ ခုနှစ်အကြား ကမ္ဘောဒီးယား ပြည်တွင်းစစ်အတွင်းက ကျန်ရစ်သော မြေမြှုပ်မိုင်းများကြောင့် ဖြစ်နိုင်သည်ဟု ပြောဆိုသည်။ သို့သော်လည်း အငြင်းပွားမှုဖြစ်နေသော နယ်စပ်ကိစ္စသည် မရှင်းမလင်းဖြစ်နေဆဲဖြစ်သည်။

ထိုင်းတပ်မတော်၏ စစ်ရေးနယ်မြေ ၂ ၏ ပြောဆိုချက်ရ ယင်းဖြစ်စဥ်သည် ကမ္ဘောဒီးယားစစ်သားများ ဖြတ်သန်းသွားလာခဲ့သော နေရာများတွင် ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။

Photo: Thai Enquirer & Social Media

ထိုင်းတပ်ဖွဲ့များသည် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်ပြီးနောက် လုံခြုံရေး တင်းကျပ်ထားသလို မြေမြှုပ်မိုင်း ရှင်းလင်းထားပြီး ခြံစည်းရိုးသံကြိုးများ ဆွဲထားခဲ့သည်။

နောက်ဆုံးအကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့သော အခြေအနေအတွင်း ယင်းခြံစည်းရိုးများ ပျက်စီးနေသည်ကို နိုဝင်ဘာလ ၉ ရက်နေ့တွင် တွေ့ရှိရပြီး နောက်တစ်ရက်တွင် မိုင်းကွဲမှုဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်သည်။

ထိုင်းအစိုးရ စစ်ဆေးမှုများအရ PMN2 အမျိုးအစား မြေမြှုပ်မိုင်းနှင့် အပိုင်းအစတချို့ကိုတွေ့ရှိခဲ့ရပြီး ဖြစ်စဥ်အနီးတစ်နေရာတွင်လည်း PMN2 မိုင်း နောက်ထပ် ၂ လုံးကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ထိုင်းစစ်တပ်က အဆိုပါမိုင်းများသည် အသစ်ထောင်ထားသော မိုင်းများဖြစ်ပြီး ထိုင်းစစ်တပ်၏နေ့စဥ်ကင်းလှည့်မှုအခြေအနေကို ဦးတည်ဖောက်ခွဲခြင်းဖြစ်သလို ပူးတွဲငြိမ်းချမ်းရေး ကြေငြာချက်ကို ချိုးဖျက်သည်ဟုလည်းဆိုသည်။

ကိုးကား- Thai Enquirer