နိုဝင်ဘာ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ/ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တို့တွင် စစ်အုပ်စု၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရပြီး နေအိမ် ၈ လုံးထိခိုက်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူ (ဗဟို)က ယနေ့တွင် သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ (၆) ရက်နေ့က မုန်းမြို့နယ်ရှိ ကျောက်ကြီးပေါက်ကျေးရွာသို့ စစ်အုပ်စုတပ်က ဗုံး (၃) လုံး ကြဲချခဲ့ရာ အသက် ၅၅ နှစ်အရွယ် ဦးမောင်ငယ်ဆိုသူ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ အောက်တိုဘာလ (၂၈) နှင့် (၂၉) ရက်နေ့ တွင်လည်း ကျောက်ကြီးမြို့နယ် တောင်ခင် ကျေးရွာ အတွင်းသို့ ဒရုန်းဖြင့် လာရောက်ပစ်ခတ်မှုကြောင့် ၎င်းကျေးရွာအတွင်းရှိ အရပ်သားပြည်သူပိုင် နေအိမ် (၆) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူက ပြောသည်။

စစ်အုပ်စုက အရပ်သားနေထိုင်ရာကျေးရွာနှင့် လုပ်ငန်းခွင်သို့ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိသည့်အတွက် ဒေသခံလူထုများ စိုးရိမ်ကြောက်ရွံ့မှုဖြင့် နေထိုင်နေကြရသည်ဟုလည်း ကေအဲန်ယူက ဆိုသည်။
ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ရှိ ကျေးရွာများသို့ ပြီးခဲ့သည့် နိုဝင်ဘာလ ပထမအပတ်အတွင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိ အရပ်သား ပြည်သူများအား အဓိက ပစ်မှတ်ထား၍ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရရှိခဲ့သည်ဟု ဖော်ပြထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ (၇) ရက်နေ့တွင်လည်း တပ်မဟာ(၁)၊ သထုံခရိုင်၊ သထုံမြို့နယ်ရှိ ကျေးရွာ ၈ ရွာသို့ စစ်အုပ်စုတပ်ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး ဒေသခံ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၃) လုံး ထိခိုက်ပျက်စီးခဲ့သေးသည်ဟု ကေအဲန်ယူ (ဗဟို)က ထုတ်ပြန်ထားသည်။



















