Home သတင်း ကော့ကရိတ် ထီဖိုးစံရွာ လမ်းပိုင်းတွင် စစ်အုပ်စုတပ် တိုက်ခိုက်ခံရ၍ အကျအဆုံးများ

ကော့ကရိတ် ထီဖိုးစံရွာ လမ်းပိုင်းတွင် စစ်အုပ်စုတပ် တိုက်ခိုက်ခံရ၍ အကျအဆုံးများ

459
Photo: KNLA

နိုဝင်ဘာ ၇ ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မြောက်ပိုင်း ထီဖိုးစံ/မိဖာလဲ ကျေးရွာလမ်းပိုင်းတွင် ယနေ့ စစ်အုပ်စု တပ်များ တိုက်ခိုက်ခံရ၍ အထိအခိုက်များပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း တော်လှန်ရေး သတင်းအရင်းအမြစ်များဘက်က ပြောသည်။

ဒေါနတောင် အောက်ဘိုတဲလမ်းပိုင်းကို သိမ်းပိုက်ရန် တက်လာသည့် စစ်အုပ်စုစစ်ကြောင်းအား ကရင် အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်တပ်ဖွဲ့ စစ်ကြောင်းက ဖြတ်တောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်အုပ်စုဘက်မှ အထိအခိုက် အကျအဆုံးဖြင့် တပ်လှန်ဆုတ်ခွာရပြီး လက်နက် ၅ လက်နှင့် ကျည်များသိမ်းဆည်းရမိကြောင်း KNLA မဟာမိတ်တပ် စစ်ကြောင်းတာဝန်ရှိသူက ပြောသည်။

၎င်းက “ထီဖိုးစံနဲ့ မိဖာလဲကြားမှာ ကြက်မောက်ခြံပေါ့နော်။ မနေ့ကလည်း တနေကုန်ပစ်တယ်။ ဒီနေ့လည်း မနက်က ပစ်ကြတယ်။ ပစ်ပြီးမှ ဆယ်နာရီခွဲ၊ ဆယ့်တစ်နာရီလောက်မှာ နေရာရှင်းလင်းရေးသွားလုပ်တာ။ သေနတ် ၅ လက်ရတယ်လို့ ပြောလာတယ်။ ရန်သူ့အလောင်းတော့ အနည်းဆုံးသေတာနဲ့ ဒဏ်ရာရတာ ၁၀ ကျော်လောက်ရှိမယ်။ ဆက်ပြီး ရှင်းနေတုန်းပဲ” လို့ ကေအိုင်စီသို့ ပြောသည်။

စစ်အုပ်စုတပ် အကျအဆုံးများနေသည့် ထီဖိုးစံ၊ နောင်ကိုင်း၊ မိဖာလဲ လမ်းပိုင်းကို ယခုလဆန်းပိုင်းကတည်းက ဖားအံ တပ်မ ၂၂ မှ စစ်တပ်မှ ကျုံဒိုးမြို့ဘက်သို့ စစ်ကူနှင့် လက်နက်ခဲယမ်းများ နေ့စဉ် ပို့ဆောင်ပေးလျက်ရှိသည်။

၎င်းအပြင် ကျုံဒိုးခြေလျင်တပ်ရင်း – ခလရ ၅၄၅/၅၄၆ တပ်များနှင့် ပူးပေါင်းကာ ကော့ကရိတ်နယ်အတွင်း စစ် အုပ်စုက ထိန်းချုပ်ပြီး ကုန်စည်လမ်းမကြီးများ ပြန်ဖွင့်နိုင်ရန် စစ်ဆင်ရေးအရှိန်မြှင့်တိုက်ခိုက်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောသည်။

လက်ရှိ ထီဖိုးစံ၊ နောင်ကိုင်းနှင့် မိဖာလဲ မြို့နယ်အနီးရှိ တိုက်ပွဲများတွင် စစ်အုပ်စုနှင့် DKBA ဗိုလ်ဘိတပ်များသည် မိဖာလဲ ကျေးရွာဘက်သို့ ပြန်ဆုတ်သွားပြီး လက်နက်ကြီးနှင့် ဒရုန်းဗုံးများဖြင့် ထီဖိုးစံရွာကို ပစ်ခတ်တိုက် ခိုက်နေကြောင်း မြေပြင်သတင်းများမှ သိရသည်။