အောက်တိုဘာ ၂၅၊ ၂၀၂၅ ခုနှစ်။ကေအိုင်စီ
တင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ လဘရွာကျေးရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်များကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုတပ်မှနေအိမ်များကို မီးရှို့ဖျက်ဆီးသွားသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက်နေ့မှစ၍ အာဏာသိမ်း စစ်တပ်က အင်အား ၁၀၀ ဝန်းကျင်ဖြင့် သရက်ချောင်းမြို့နယ်အတွင်းရှိ ဆင်ကူးကျေးရွာ၊ ဆင်ကျန်းကျေးရွာ၊ ကျွဲစပ်ရွာ၊ လဘစသည့် ကျေးရွာများသို့ စစ်ကြောင်းထိုး ဝင်ရောက် လာသည်ဟု ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ယခုလို ပြောသည်။
“စကစ စစ်ကြောင်းက တစ်ရွာပြီးတစ်ရွာကို ဝင်တဲ့သဘောပေါ့။ အဓိကက အမှတ်(၈)ကိုပြန်ပြီးထိန်းခြင်တဲ့ သဘောမှာ ရှိတယ်။ နှစ်ဖက် တိုက်ပွဲ အသေးတွေကတော့မကြာခဏ ဖြစ်တာမျိုးတွေတော့ရှိနေတုန်းပါဘဲ။ အဲ့တာကြောင့် နေအိမ်တွေကို မီးရိူ့တာတွေကိုလုပ်ဆောင်နေတာပါ”ဟု ၎င်းက ကေအိုင်စီ သို့ ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင်လည်း သရက်ချောင်းမြို့နယ်ထဲ လဘရွာတွင် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နေအိမ်များကို စစ်အုပ်စုတပ်မှ မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သရက်ချောင်းမြို့နယ် ဒေသခံတစ်ဦးကပြောဆိုသည်။
“သူတို့စစ်ကြောင်းလာတယ်ကြားတော့ ဒီသရက်ချောင်းတဝိုက်က နေအိမ်တော်တော်များများကဒေသခံတွေက ရှောင်ကြတယ်။ ရွာလုံးကျွတ်ဆိုတော့ စကစ က စိတ်ကြိုက်မီးရိူ့တာပေါ့ အိမ်ထဲက ပစ္စည်းတွေကိုလည်း စိတ်ကြိုက် သယ်သွားကြတယ်” ဟု ၎င်းက ကေအိုင်စီ သို့ ပြောသည်။
အဆိုပါ နှစ်ဖက်တိုက်ပွဲများကြောင့် ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ရက်နေ့၊ နေ့လည်ပိုင်းမှစတင်ပြီး မြိတ်−ထားဝယ်ကားလမ်းမကို ဒေသတော်လှန်ရေးတပ်တွေဘက်က ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း ထုတ်ပြန်ချက်များအရသိရသည်။
အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ ၉ရက်နေ့တွင်လည်း သရက်ချောင်းမြို့နယ်ရှိ မိုးရွှေကုန်း၊ ကျောက်လှေကား၊ ကင်းရှေ့ရွာများရှိ နေအိမ် ၅၀ကျော်ကိုလည်း စစ်အုပ်စုတပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများ ၏ပြောဆိုချက်များအရသိရသည်။



















