အောက်တိုဘာ ၂၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမြိတ်-ထားဝယ်ခရိုင်၊ လယ်မူလား(ပုလော)မြိုနယ် မဇောကျေးရွာကို စစ်အုပ်စုတပ်က အောက်တိုဘာ ၂၃ ရက်နေ့တွင်၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ဒေသခံပြည်သူ ၂ ဦး ဒဏ်ရာရရှိ သွားသည်ဟု မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ဖြစ်စဉ်သည် ပုလောမြို့နယ်၊ ဇဝဲအခြေစိုက် အာဏာသိမ်းစစ်တပ် အမှတ် (၅၆၆) ခြေမြန်တပ်ရင်းက မဇောရွာ၊ အများပြည်သူနေထိုင်သည့် မဇောရွာ အတွင်းသို့ လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ကလေး တစ်ဦး ပြည်သူ ၂ ဦး လက်နက်ကြီးစ ထိမမှန် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ပြည်သူတစ်ဦး နေအိမ် လက်နက်ကြီး စထိမှန် ပျက်စီးသွားသည်ဟု မြိတ်-ထားဝယ်ခရိုင်က ပြောသည်။
ပြီးခဲ့သည့်အောက်တိုဘာ (၂၂) ရက်နေ့ညတွင်လည်း တနင်္သာရီမြိုနယ်အတွင်းရှိ ဇဝဲကျေးရွာအုပ်စု၊ ဖာနီရွာ အတွင်းသို စစ်အုပ်စုတပ်၏ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် အရပ်သား ၆ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲဝင်များနှင့် ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။
လက်ရှိ တနင်္သာရီတိုင်းအတွင်း စစ်တပ်က နယ်မြေစိုးမိုးမှုပြန်လည်ရယူနိုင်ရေး၊ အထူးသဖြင့် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေသည်ဟု ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထံမှသိရသည်။



















