Home သတင်း ကြံစိုက်ခင်းတွင် အလုပ်သွားလုပ်သူ မူးယစ်ဆေးကြောင့် စိတ်ဝေဒနာ အခံရှိသည့် ဒုက္ခသည် တစ်ဦး အဆုံးစီရင်သွား

ကြံစိုက်ခင်းတွင် အလုပ်သွားလုပ်သူ မူးယစ်ဆေးကြောင့် စိတ်ဝေဒနာ အခံရှိသည့် ဒုက္ခသည် တစ်ဦး အဆုံးစီရင်သွား

804
Photo: CJ

အောက်တိုဘာ ၂၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ မယ်လဒုက္ခသည်စခန်းမှ ထိုင်းနိုင်ငံ ဆာကဲခရိုင် ကြုံစိုက်ခင်း၌ အလုပ်သွား လုပ်သည့် မူးယစ်ဆေးကြောင့် စိတ်ဝေဒနာ အခံရှိသူ ဘအမျိုးသားတစ်ဦးသည် တစ်ပတ်ပြည့်သည့်အချိန်တွင် ဆွဲကြိုးချပြီး ကိုယ့်ကိုကိုယ် သတ်သေသွားသည်ဟု ဇနီးဖြစ်သူက ကေအိုင်စီသို့ ပြောသည်။

ယခုလို အဆုံးစီရင်သွားသူသည် စောလားမူးထူး၊ အသက် (၄၀) နှစ်ဖြစ်ပြ ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် စိတ်ဂနမငြိမ်ဖြစ်ပြီး အလုပ်သမား တန်းလျား အိမ်သာထဲ၌ ဆွဲကြိုးချ သတ်သေသွားခြင်း ဖြစ်သည်။

၎င်းက ယခင်ဒုက္ခသည်စခန်းအတွင်း၌ နေထိုင်စဉ်ကတည်းက မူးယစ်ဆေးဝါးနှင့် အရက်သုံးစွဲခဲ့သူတစ်ဦး ဖြစ်သလို စိတ်ရောဂါနှင့်ပတ်သက်သည့် ဆေးဝါးများ သောက်သုံးခဲ့ဖူးသူ တစ်ဦးဖြစ်သည်။ ထို့အပြင် အလုပ် သွားလုပ်သည့်အချိန်တွင် စိတ်မတည်ငြိမ်သည့်အတွက် မိမိကိုယ်ကိုယ် အဆုံးစီရင်မည်ဟု မကြာခဏပြောခဲ့သည်ဟု သေဆုံးသူ၏ ဇနီးဖြစ်သူက ကေအိုင်စီသို့ ပြောသည်။

“သူက စခန်းမှာနေတုန်းက အရက်၊ မူးယစ်ဆေးသုံးတယ်။ မူးရင်လည်း အိမ်ပြန်လာရင် ရန်ရှာတာရှိတယ်။ စိတ်ကျမ်းမာရေး ဆေးလည်း သောက်ခဲ့ရတယ်။ ဒါပေမယ့် ဆေးပတ်လည်အောင် မသောက်ဘူး။ ရပ်လိုက် တယ်။ ပြီးတော့ အရက်နဲ့ ဆေးပြန်သုံးတယ်။ အဲမှာအလုပ်သွားလုပ်ပြီး သူမသေခင်မှာ ဖုန်းဆက်တယ်။ သူ့ကိုယ့်သူ သတ်သေမယ်ဆိုပြီး ဖုန်းဆက်တဲ့အချိန်တိုင်းလဲ အရက်မူးတယ်။ ဒါသူများကြောင့်မဟုတ်ဘူး မူးယစ်ဆေးသုံးတဲ့ နောက်ဆက်တွဲကြောင့် သူ့ကိုယ်သူလုပ်တာဘဲ”ဟု သူမက ကေအိုင်စီသို့ ပြောသည်။

Photo: CJ

ဆွဲကြိုချ အဆုံးစီရင်မှု မပြုလုပ်ခင် နာရီပိုင်းအလိုတွင် ဗိုက်နာသည်ဟုပြောပြီး ၎င်းနှင့်အလုပ်လုပ်သည့် လုပ်ဖော်ကိုင်ဖက် များကိုအကူအညီတောင်ကာ ခြံသူဌေးဆီကို ဆေးသွားတောင်းသောက်ခဲ့သေးကြောင်းလည်း သိရသည်။

ဒုက္ခသည်များကို နိုင်ငံတကာ အလှူရှင်များ ရိက္ခာ ထောက်ပံ့မှု ဖြတ်တောက်သည့်အချိန်တွင် စားဝတ်နေရေး အဆင်ပြေရန် အောက်တိုဘာမှစတင်ပြီး ထိုင်းအစိုးရက ဒုက္ခသည်များကို တရားဝင် အလုပ်လုပ်ခွင့် ပြုလိုက် သည်။

ဒုက္ခသည် စခန်းထဲမှ ပထမဆုံး အလုပ်သွားလုပ်သည့် ပထမသုတ်ထဲတွင် ကြံစိုက်ခင်းတွင် သွားလုပ်သည့် အဖွဲ့လည်း ပါဝင်ကာ အောက်တိုဘာ ၂၁ ရက်နေ့တွင် စတင်ထွက်ခွာ လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။