အောက်တိုဘာ ၂၈ ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မြို့တော်ဝန်ရုံးအတွင်း မြန်မာအမျိုးသမီးငယ်ကို လည်လှီးခဲ့မှု ကျူးလွန်သူကို ဖမ်းဆီးရမိပြီးဟု သိရသည်။
အဆိုပါ ဖမ်းဆီးရမိသော ကျူးလွန်သူမှာ အသက် ၂၈ နှစ်အရွယ် ထိုင်းလူငယ်တစ်ဦးဖြစ်ပြီး အမှု ဟောင်းရှိဖူးသူဟုလည်း ဒေသတွင်း သတင်းမီဒီယာများတွင် ရေးသားဖော်ပြကြသည်။
အကျဥ်းထောင်မှ မကြာသေးခင်လွတ်မြောက်လာသူဟု ဆိုရှယ်မီဒီယာများပေါ်တွင် ပြောဆိုနေသော်လည်း ကေအိုင်စီမှ သီးခြားအတည်မပြုနိုင်သေးပါ။
ယနေ့ နံနက်မဲဆောက်အခြေစိုက် ထိုင်းသတင်းဌာနအချို့အပါအဝင် မဲဆောက်မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း တရားခံကို ဖမ်းဆီးမိလိုက်ပြီးဖြစ်သည်ဟု အတည်ပြုပြောကြားခဲ့သည်။
မြန်မာအမျိုးသမီးငယ်နှင့် နီးစပ်သူ မိတ်ဆွေတစ်ဦးက အမျိုးသမီးငယ်သည် ဓါးလှီးခံရသော ဒဏ်ရာကြောင့် လည်ပင်းမှာ ပြတ်ရှ ဒဏ်ရာဖြစ်သွားခဲ့ပြီး အချိန်မီကုသနိုင်ခဲ့သည်။ ထို့အပြင် လက်မောင်းနှင့် ပုခုံးကြားဒဏ်ရာတွင် အကြောပြတ်သွားခဲ့သည်ဟု နီးစပ်သူ ဆိုသည်။

“လည်ပင်းက လည်ပြွန်မထိသွားဘူးပေ့ါနော်။ လည်ပင်းအသားပဲ ထိသွားတယ်။ ချုပ်လိုက်တာအဆင်ပြေတယ်။ လက်မောင်းနဲ့ပုခုံးကြားထိသွားတဲ့ ဒဏ်ရာကတော့ အကြောပြတ်သွားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
၎င်း လည်ပင်းလှီးခံရသောမြန်မာမိန်းကလေးငယ်သည် အထူးကြပ်မတ်ကုသဆောင်အတွင်း ၄ နာရီကြာ ခွဲစိတ်ကုသမှုခံယူခဲ့ရသည်ဟု နီးစပ်သော သတင်းရင်းမြစ်များက ဆိုသည်။
မဲဆောက်မြို့တော်ဝန်ရုံးစိုက်ရာ ဝင်းအတွင်း ဖြစ်ပွားခဲ့သော ယင်းဖြစ်စဥ်ကြောင့် မဲဆောက်ဒေသအတွင်း ယမန်နေ့ ညနေခင်းတစ်ခုလုံး လုံခြုံရေးစိုးရိမ်ချက်များ မြင့်တက်ခဲ့သည်။
ထို့အပြင် ယခုဖြစ်စဉ်အခြေခံ၍ လူမှုကွန်ရက်များတွင် မြန်မာမုန်းတီးရေး ကောလာဟလများ ကျယ်ပြန့်လာခဲ့ပြီး ထိုဖြစ်စဥ်များသည် မှန်ကန်မှုမရှိဘဲ အွန်လိုင်းအမုန်းတရားများ မဖြန့်ဝေကြရန် မဲဆောက်မြို့တော်ဝန်ရုံး ဥက္ကဋ္ဌက တိုက်တွန်းထားသည်။



















