အောက်တိုဘာ ၂၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
အမျိုးသားညီညွှတ်ရေး အစိုးရ (NUG) က လစဉ် နိုင်ငံတကာနဲ့ ပြည်သူတွေကို သတင်းစကား ပြောဆိုလေ့ ရှိတဲ့အတိုင်း ဒီနေ့ အောက်တိုဘာ ၂၈ ရက်နေ့ နံနက်ပိုင်းမှာလည်း ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ယခင်လတွေလို သူတို့ရဲ့ အာဘော် PVTV Myanmar ကနေ ပြောဆိုခဲ့ပါတယ်၊၊
သူတို့ရဲ့ သတင်းစကားမှာ ပထမဆုံး အနေနဲ့ ထိုင်းဘုရင့် မယ်တော်ဘုရင်မကြီး သီရိခေတ် ကံတော်ကုန်သွား တာကို NUG နဲ့ဝမ်းနည်းကြောင်း ဖော်ပြအပ်ပါတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ နိုင်ငံတော်အဆင့် ကြေကွဲဝမ်းနည်းဖွယ်ကာလမှာ ထိုင်းနိုင်ငံအတွင်းနေထိုင်နေကြတဲ့ မြန်မာပြည်သူတွေ အနေနဲ့ထိုင်းပြည်သူတွေရဲ့ ဝမ်းနည်းကြေကွဲမှုကို ထပ်တူခံစားပြီး ထိုင်းနိုင်ငံရဲ့ ယာဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေကို လေးစားလိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။
အခုလထဲမှာ အာဆီယံ ထိပ်သီးအစည်းပြုလုပ်ခဲ့တာ၊ ကျားဖြန့်ကြောင့် နိုင်ငံတကာသတင်းတွေမှာ ဟိုးလေး တကျော်ဖြစ်နေတာနဲ့ စစ်တပ်ကလုပ်မဲ့ ရွေးကောက်ပွဲ ကိစ္စရပ် စတဲ့ ကိစ္စကဏ္ဍ သုံးခုကို အဓိကထား ထည့်သွင်းပြောဆိုသွားတာ တွေ့ ရပါတယ်။
“အရှေ့တီမောနိုင်ငံကို ၁၁ နိုင်ငံမြောက် အာဆီယံ အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံလိုက်တဲ့အပေါ်ကြိုဆိုကြောင်း၊ တီမောနဲ့ အာဆီယံ အသိုက်အဝန်းမှာ ဒေသတွင်း စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောက်ရွက်မှုတွေ ပိုမို ခိုင်မာဖို့ ဆုမွန်ကောင်းချွေလိုပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
ဒါ့အပြင် ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲက ထုတ်ပြန်ခဲ့တဲ့ အာဆီယံ ခေါင်းဆောင် တွေရဲ့ မြန်မာအရေးသုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ကြိုဆိုကြောင်း သူက ဆက်ပြောပါတယ်။
“မြန်မာပြည်သူများက ပိုင်ဆိုင်တဲ့ မြန်မာပြည်သူများက ဦးဆောင်တဲ့ ရေရှည်ပြေလည်စေမယ့် ငြိမ်းချမ်းတဲ့ အဖြေကို ရှာဖွေနိုင်ဖို့ ဆက်လက်ကြိုးစားသွားမယ်လို့ သိရတဲ့အတွက်လည်း မြန်မာပြည်သူ တွေကိုယ်စား ကျေးဇူးတင်ရှိအပ်ပါတယ်”လို့ ဆိုပါတယ်။
မလေးရှာနိုင်ငံက အာဆီယံ ဥက္ကဌတာဝန်ယူချိန် မြန်မာ့အရေးဆွေးနွေးပွဲတွေမှာ မြန်မာနိုင်ငံရဲ့ အစိုးရအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ မြန်မာနိုင်ငံရဲ့ လွှတ်တော်ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ အစည်း များ(EROs)၊ အတိုင်ပင်ခံကောင်စီများ၊ ဖက်ဒရယ်ယူနစ်ကိုယ်စားလှယ်တွေနဲ့ အခြား ကိုယ်စားလှယ် အဖွဲ့ များ စုစည်းတက်ရောက်ခဲ့ကြတယ်လို့ သူက ထုတ်ပြောထားပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဆောင်ခြင်း၊ ဒီမိုကရေစီကို ထိန်းသိမ်းခြင်းနဲ့ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲ ဆိုင်ရာ ထုတ်ပြန်ခြင်းတစ်ခုကို တော်လှန်ရေးအဖွဲ့ အစည်း ၂၀ က လက်မှတ်ရေးထိုးကာ အောက်တိုဘာ ၁၁ ရက်နေ့က ပူးတွဲ ထုတ်ပြန်နိုင်ခဲ့ကြောင်း၊ ဒါဟာ မြန်မာ ပြည်သူတွေရဲ့ ဘုံတောင်းဆိုချက်ဖြစ်လို့ အာဆီယံနဲ့ နိုင်ငံတကာက အလေးအနက်ထားဖို့ တိုက်တွန်း ခဲ့ပါသေးတယ်။
“ အာဆီယံ ဘုံသဘောတူညီချက်က အလုပ်မဖြစ်ဘူး။ ဘာလို့လည်း ဆိုတော့ တစ်ဖက်မှာ ပြည်တွင်းရေး ဝင်မဆွက်ဖက်ရ မူနဲ့ ကိုင်ပြောနေတာလေ” လို့ နိုင်ငံရေးလေ့လာသူ တစ်ဦးကပြောပါတယ်။
အခုလို NUG တိုက်တွန်းပေမဲ့ စစ်အုပ်စုကတော့ တရုတ်ရဲ့ အားပေးကူညီမှုနဲ့အတူ ရွေးကောက်ပွဲလုပ်ဆောင် သွားမဲ့ အလားလာရှိပြီး တော်လှန်ရေးတပ်တွေဝိုင်းတိုက်လို့ စစ်အုပ်စု ပြိုလဲတော့မယ့် အခြေအနေကနေ ပြန်ထ နိုင်အောင် လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ အခြေအနေရှိတယ်လို့ နယ်စပ်အခြေစိုက် နိုင်ငံရေးလေ့လာသူတစ်ဦးက မှတ် ချက်ပြုပါတယ်။
“ စစ်အုပ်စုက သူလုပ်ချင်ရာ ဇွတ်လုပ်သွားမှာပဲ၊ ကျနော်တို့က ရွေးကောက်ပွဲတိုင်းကို ဆန့်ကျင်နေတာတော့ မဟုတ်ဘူး။ ရွေးကောက်ပွဲဆိုတာ အားလုံးပါဝင်နိုင်ရမယ်၊ အားလုံးနဲ့ ညှိနှိုင်းသဘောတူပြီးလုပ်တဲ့ ရွေးကောက် ပွဲမျိုးဖြစ်ရမယ်။ ဒီကော်မရှင်၊ ဒီလူတွေနဲ့ ဇွတ်လုပ်တဲ့ ရွေးကောက်ပွဲကိုတော့ လက်မခံနိုင်ဘူး” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက ပြောပါတယ်။
NUG အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အခြေခံ ပဋိညာဉ် အခန်း(၃) နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၈) ဖြစ်တဲ့ ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေ (AFTA) ကို တော်လှန်ရေး အင်အား စုတွေ စုပေါင်းရေးဆွဲလျက်ရှိသလို စုပေါင်းဦးဆောင်မှု အတွက် ပိုမိုခိုင်မာအားကောင်းတဲ့ ဘုံနိုင်ငံရေး သဘော တူညီချက်တွေ ရရှိနိုင်ရေးအတွက်လည်း တွေ့ဆုံဆွေးနွေးမှုတွေ စဉ်ဆက်မပြတ်လုပ်ဆောင်နေတယ်လို့ ပြော ပါတယ်။
ဒါအပြင် အွန်လိုင်းကျားဖြန့်လိမ်လည်မှု လုပ်ငန်းတွေနဲ့ စစ်တပ် ခေါင်းဆောင်တွေနဲ့ ကြားက ဆက်နွယ်မှု ကိစ္စ ကိုလည်း ထောက်ပြပြောဆိုသွးပါတယ်။
“တရုတ်မီဒီယာတွေမှာဖော်ပြတဲ့ ကိုးကန့် နယ်ခြားစောင့်တပ် ခေါင်းဆောင်ဝေဆန်း (ဝေဟွိုင်ရန်)ရဲ့ ထွက်ဆို ချက် တွေမှာ စစ်အုပ်စုရဲ့ ကာကွယ်မှုနဲ့ ခွင့်ပြု ချက်တွေရရှိခဲ့ကြောင်း။ အွန်လိုင်းလိမ်လည်မှု စင်တာတွေကို ကာကွယ်ဖို့အတွက် လိမ်လည်ရရှိတဲ့ငွေ ရဲ့ တစ်စိတ်တစ်ပိုင်းကို စစ်အုပ်စု ကို ပေးဆောင်ခဲ့ရကြောင်း အဓိပ္ပာယ် သက်ရောက်တဲ့ အချက်တွေထွက်ဆိုထားတာကို ကြည့်ရင် အကြမ်းဖက်စစ်တပ်ဟာ ဒီလုပ်ငန်းတွေနဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပံ့ပိုးမှုရှိကြောင်း သက်သေတွေက ထင်ရှားတဲ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီ ရာဇဝတ် လုပ်ရပ်တွေကို ရပ်တန့်ဖို့ စစ်အုပ်စုအပေါ် ယခုထပ်ပိုပြီး ပိတ်ဆို့အရေးယူဖို့ လိုအပ်ကြောင်း တိုက်တွန်းပြောကြားလိုပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံသားတွေ ကမ္ဘောဒီးယား နိုင်ငံဘက်ခြမ်းမှာ လိမ်လည်ခံရပြီး လူရောင်းဝယ်ခံရမှု၊ အဓမ္မ လုပ်အားပေးစေခိုင်းစေခံရမှု၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရမှုတွေကို အွန်လိုင်းကျားဖြန့်လိမ်လည်မှု လုပ်ငန်းတွေမှာ ကျူးလွန်ခံနေရကြောင်းနဲ့ ကူညီကယ်ဆယ်ပေးဖို့ အကူအညီတောင်းစာတွေ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး(UNODC) က ဆက်တိုက် လက်ခံရရှိနေတယ်လို့ သိရတဲ့ အကြောင်း ဒီနေ့ သတင်းစကားမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“ Online က ခေါ်တဲ့ အလုပ်တုတွေကို အထူးစိစစ်ပြီးမှ အလုပ်သွားလုပ်ကြဖို့နဲ့ ကျားဖြန့်နဲပတ်သက်ပြီး အထူးသတိရှိကြဖို့ ကျွန်တော်တို့ မြန်မာပြည်သူတွေကို အထူးသတိပေးပြောကြားလိုပါတယ်” လို့ NUG က ပြောပါတယ်။
အွန်လိုင်းကျားဖြန့်လိမ်လည်မှု လုပ်ငန်းအချို့ကို စစ်တပ်က ဝင်ရောက်စီးနင်းသယောင် အယောင်ပြဆောင်ရွက်ပြတာတွေကိုကြည့်ပြီး စစ်တပ်ရဲ့ လှည့်ကွက်ထဲ မဝင်မိကြဖို့ အရေးကြီးတယ်လို့ ထောက်ပြထားပါသေးတယ်။
နယ်ခြားစောင့်တပ်တွေဟာ မြန်မာစစ်တပ်ရဲ့ လက်အောက်ခံတပ်တွေဖြစ်တာကြောင့် ဒီ အွန်လိုင်းကျားဖြန့်လိမ်လည်မှု လုပ်ငန်းတွေရဲ့ နောက်ကွယ်မှာ မြန်မာစစ်တပ်ခေါင်းဆောင်တွေ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်မှုရှိနေတာကို သိမြင်ပြီး ဒီအရင်းအမြစ်ကို ဖြတ်နိုင်ကာမှ ဒီကိစ္စတွေ ချုပ်ငြိမ်းမှာဖြစ်ကြောင်း NUG က ပြောပါတယ်။



















