Home သတင်း NCA ပွဲတက် ခေါင်းဆောင်ဟောင်းများသည် အဖွဲ့ကိုယ်စားမဟုတ်ကြောင်း KNU ရှင်းလင်း

NCA ပွဲတက် ခေါင်းဆောင်ဟောင်းများသည် အဖွဲ့ကိုယ်စားမဟုတ်ကြောင်း KNU ရှင်းလင်း

192
Photo: Social Media

အောက်တိုဘာ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

နေပြည်တော်တွင် ယနေ့နံနက်ပိုင်းမှစပြီး စစ်အုပ်စု ဦးစီးပြုလုပ်နေသော တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးစာချုပ်-NCA ဆယ်နှစ်ပြည့်ပွဲ တက်ရောက်ကြသည့် ဥက္ကဋ္ဌဟောင်းနှင့် ခေါင်းဆောင်ဟောင်းအချို့သည် အဖွဲ့ကို ကိုယ်စားမပြုကြောင်း ကေအဲန်ယူ–ကရင်အမျိုးသားအဖွဲ့အစည်းက ရှင်းလင်းပြောဆိုသည်။

ကေအဲန်ယူ၏ ယခင်ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး၊ ကေအဲန်ယူ တပ်မဟာ (၆) ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ဟောင်း ပဒိုစောရွှေမောင်း အပါအဝင် စစ်အုပ်စုနှင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စား လှယ်အချို့ NCA ဆယ်နှစ်ပြည့်ပွဲတက်ရန် နေပြည်တော်သို့ ယမန်နေ့ညနေပိုင်းကတည်းက ရောက်ရှိ နေကြခြင်း ဖြစ်သည်။

“ဒီပုဂ္ဂိုလ်တွေက တချိန်တုန်းက ကေအဲန်ယူ ခေါင်းဆောင်တွေ ဖြစ်ခဲ့ပေမယ့် ဒီကာလမှာ သူတို့ ဘာတာဝန်မှ မရှိတော့ဘူးလေ။ သူတို့က ကေအဲန်ယူအဖွဲ့ဝင် သာမန်လူတစ်ယောက်အနေနဲ့ပဲ ရှိတော့ တယ်။ သူတို့စိတ်ဆန္ဒနဲ့ သူတို့သွားတာ ကျနော်တို့က ဘာတတ်နိုင်မှာလဲ။ ဒါပေမယ့် ကေအဲန်ယူ အဖွဲ့ဝင်အနေနဲ့ သူတို့ဟာ စည်းမျဉ်းစည်းကမ်း လိုက်နာဖို့တော့ တာဝန်ရှိတာပေါ့” ဟု ကေအဲန်ယူ ပြောခွင့်ရ ပဒိုစောတောနီးက ကေအိုင်စီနှင့် သီးသန့် အင်တာဗျူးတွင် ပြောသည်။

၂၀၁၅ ခုနှစ်တွင် ပြည်ထောင်စုအဆင့် NCA လက်မှတ်ရေးထိုးစဉ်က ကေအဲန်ယူ ကိုယ်စားပြု ခေါင်းဆောင် ပါဝင်ခဲ့သည့် ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးသည် ကေအဲန်ယူ (၁၅) ကြိမ်မြောက် ကွန်ဂရက်မှဦးစီးသော ဥက္ကဋ္ဌသက်တမ်း ၁၀ နှစ်ကျော်ကြာ ရှိခဲ့သည့် ဝါရင့်တော်လှန်ရေးပုဂ္ဂိုလ် တစ်ဦးဖြစ်သည်။

ဥက္ကဋ္ဌတာဝန်မှ အနားယူပြီးနောက်တွင်လည်း ယခင် စစ်အုပ်စု ပြုလုပ်သည့် NCA ရှစ်နှစ်ပြည့်ပွဲ တက်ရောက်ခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်နေသော ပုံများ လူမှုကွန်ရက် မီဒီယာတွင် တက်လာသဖြင့် လူထုဝေဖန် ပြောဆိုမှု ခံခဲ့ရသည်။

ကေအဲန်ယူ ခွဲထွက် လက်နက်ကိုင်များ ဦးစီးပြုလုပ်သည့် ငြိမ်းချမ်းရေးဆုတောင်းပွဲများတွင် အထင် ရှားလာသည့် ကေအဲန်ယူ ဒူးပလာယာခရိုင် ပဒိုစောရွှေမောင်းမှာလည်း စစ်အုပ်စုနှင့် လက်နက် ကိုင်တိုက်ခိုက်ရေး နည်းလမ်းထက် နိုင်ငံရေး ဆွေးနွေးမှုမှတဆင့် အဖြေရှာရန် ဦးစားပေးသူအဖြစ် ပြီးခဲ့ သည့် အောက်တိုဘာလဆန်းက ကေအိုင်စီနှင့် အင်တာဗျူးမှတဆင့် ထုတ်ဖော်ပြောဆိုထားသည်။

ယနေ့ NCA အခမ်းအနားသို့ တက်ရောက်ကြသော ခေါင်းဆောင်ဟောင်းအချို့သည် အဖွဲ့ဝင်များအဖြစ် တည်ရှိနေဆဲကြဖြစ်၍ ယခုလို စစ်အုပ်စုနှင့် သွားရောက်တွေ့ဆုံမှုအပေါ် အဖွဲ့အစည်းအတွငက်း ပြန်လည်သုံးသပ် ဆွေးနွေးရန်ရှိသည်ဟု KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူနှင့် မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကမူ NCA သည် အသုံးမဝင် တော့ကြောင်း၊ စစ်အုပ်စုသည် နိုင်ငံရေးတွင် မဝင်စွက်ဖက်မှသာ တွေ့ဆုံဆွေးနွေးမှု ဖြစ်နိုင်မည်ဟု ပူးတွဲကြေညာ ပြောဆိုနေကြသည်။

Photo: Social Media

ယနေ့မှစ၍ အောက်တိုဘာ ၁၇ ရက်နေ့အထိ ပြုလုပ်မည့် စစ်အုပ်စု၏ NCA ဆယ်နှစ်ပြည့်ပွဲသို့ ကေအဲန်ယူ ခေါင်းဆောင်ဟောင်းအချို့အပြင် ရွေးကောက်ပွဲကို ထောက်ခံကူညီမည်ဟု ကြေညာထားသည့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်–DKBA မှ ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောရွှေဝ၊ စစ်ခေါင်းဆောင်ချီးမြှင့်သည့် ဝဏ္ဏကျော်ထင်ဘွဲ့ရ ငြိမ်းချမ်းရေးကောင်စီ–PC မှ ဒုဥက္ကဋ္ဌ နော်ကပေါ်ထူးနှင့် ALP မှ စောမြရာဇာလင်းတို့လည်း တက်ရောက်ကြသည်။

ထို့အတူ အပစ်ရပ် မွန်ပြည်သစ်ပါတီ–NMSP မှ နိုင်အောင်မင်း၊ PNLO ကိုယ်စားမပြုတော့သည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့အပါအဝင် အခြား NCA လက်မှတ်မထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အချို့လည်း တက်ရောက်လာကြကြောင်း ပွဲတက်မှတ်တမ်းဓာတ်ပုံများအရ သိရသည်။