အောက်တိုဘာ ၁၅ ရက်၊ ၂၀၂၅ ခုနှစ် ။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် မင်းပြင်ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်အုပ်စုတပ်မှ ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို နောက်တစ်ကြိမ် ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်နေ့ ညပိုင်းက ပလမြို့အနီးရှိ မင်းပြင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုတပ်က စစ်ဘေးတိမ်းရှောင်နေသော အရပ်သား ပြည်သူများ၏ နေအိမ်များကို ထပ်မံ မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေကြောင်း မင်းပြင်ကျေးရွာအနီးရှိ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“အခုထိတော့ စကစတွေ ရွာထဲမှာရှိနေတုန်းပဲ။ အဲဘက်ရွာတွေက ပြီးခဲ့တဲ့ တစ်ခေါက်က စစ် ကြောင်းထိုးလို့ ရွာလုံးကျွတ် ရှောင်နေကြရတာ။ အဲဒီအိမ်တွေကို စစ်တပ်က စိတ်ကြိုက် မီးရှို့နေတာ။ စုစုပေါင်း နေအိမ် (၁၀) လုံးဝန်းကျင်လောက်တော့ ရှိနေပြီး။” ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိတွင်လည်း မင်းပြင်ကျေးရွာ၌ တပ်စွဲထားသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များနှင့် ဒေသအခြေစိုက် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များကြား လက်နက်ကြီး ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကို နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများလည်း ရှိနေပြီး ထိခိုက်ကျဆုံးမှုများ ရှိနေကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ဒီစစ်ကြောင်းက ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းလောက်ကတည်းက စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့တာ။ အဲ့တုန်းကတော့ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့ဝင်ဘက်က တစ်ယောက် ကျတယ်။ အခုလက်ရှိ အခြေအနေကတော့ စစ်ရေး တင်းမာမှုတွေ ရှိနေပါတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ စစ်အုပ်စုတပ်များသည် အင်အားအများအပြား ပလမြို့ဘက်မှ တစ်ဆင့် စစ်ကြောင်းထိုး ဝင်ရောက်လာကာ မင်းပြင်ကျေးရွာအတွင်း တပ်စွဲထားပြီး ရွာအတွင်းရှိ နေအိမ်များကို မကြာခဏ မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ပုလောမြို့နယ်ရှိ မြေပြင် စစ်ဘေးရှောင် ကူညီသူများက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၁၃) ရက်နေ့ နံနက် ၁၀ နာရီခန့်တွင်လည်း ထားဝယ်မြို့နယ်၊ မောင်မယ် ရှောင်ကျေးရွာအတွင်းရှိ အမတ ၃၀၂ တပ်ရင်းမှ လက်နက်ခဲယမ်းပို့ဆောင်ရန် ထွက်လာသော အင်အား ၁၀၀ ပါ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်အုပ်စုတပ်ဖွဲ့ဝင် (၅) ဦး သေဆုံးခဲ့ကြောင်း ဒူရက စစ်ကြောင်းဘက်က ပြောသည်။



















