Home သတင်း KK Park မှ ထွက်ပြေးလာသူများ ငှားရမ်းမှုများ၍ မြဝတီမြို့နယ်အတွင်း အိမ်ငှားခ‌ဈေးတက်

KK Park မှ ထွက်ပြေးလာသူများ ငှားရမ်းမှုများ၍ မြဝတီမြို့နယ်အတွင်း အိမ်ငှားခ‌ဈေးတက်

807
Photo: CJ

အောက်တိုဘာ ၂၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့တောင်ဘက်ရှိ KK Park ကျားဖြန့် ငွေလိမ်လုပ်ငန်း ခြံဝန်းကို နယ်ခြားစောင့်တပ်-BGF က လုပ်ငန်း ရပ်ဆိုင်းလိုက်ပြီးနောက် ၎င်းငွေလိမ်လုပ်ငန်းမှ လုပ်သားများသည် အနီးဝန်းကျင်ရှိ ကျေးရွာများတွင် အိမ်၊ ခြံ ဝန်းများကို စုပေါင်းငှားရမ်းနေထိုင်မှုများလာ၍ ငှားခနှုန်းထားများ ဈေးမြင့်တက်သွားသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါဝန်း ကျားဖြန့် ငွေလိမ်လုပ်သားများ မြန်မာပြည်တွင်းသို့ ပြန်သွားသူများကို ဖားအံမြို့၊ သံလွင်တံတား စစ်ဆေးရေးဂိတ်တွင် စစ်တပ်က စစ်မှုထမ်းလူသစ်စုဆောင်းခြင်းများ ဖြစ်ပေါ်နေသည်ဟု သတင်းများထွက် ပေါ်လျက်ရှိသည်။

ထို့ကြောင့် ပြည်တွင်းသို့ မပြန်ဘဲ မြဝတီတောင်ဘက် မင်းလက်ပံ၊ ဖလူး၊ အင်ကြင်းမြိုင်၊ မယ်ထော်သလေး၊ မေတ္တာလင်းမြိုင်ဘက်ရှိ BGF/DKBA စသည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ နေအိမ်များကို ငှားရမ်း နေထိုင်ကြသလို တချို့ ထိုင်းနိုင်ငံဘက် ဝင်ရောက်ရန် လုပ်ဆောင်နေသူများလည်း ရှိသည်ဟု ဖလူးကျေးရွာ ဒေသခံ တစ်ဦးက ပြောသည်။

“KK park ကျားဖျန့် ရုံခါတော့အလုပ်ပြုတ်ကုန်တဲ့ မြန်မာအလုပ်သမားတွေ လူရာချီ တယ်လေ။ DKBA တို့ BGF အဖွဲ့အစည်းလူ တွေရဲ့အိမ်တွေခြံတွေ ငှားပြီး အစုလိုက်နေကြတယ်။ ပြီးမှ အလုပ်ပြန်လျှောက်ကြ တာမျိုး လုပ်နေကြတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

Photo: CJ

ယခုလို ငွေလိမ်လုပ်သားများ ဝင်ရောက် အိမ်ငှားနေထိုင်မှုကြောင့် ယခင်က အိမ်ခြံဝန်းတစ်ခုလျှင် တစ်လ ကျပ်ငွေ သုံးသိန်းမှ ငါးသိန်းအထိသာစျေးနှုန်းရှိရာမှ ယခုဆိုလျှင် ၁၀ သိန်းမှ သိန်း ၂၀ ခန့်ထိ ဈေးမြင့်တက်သွားသည်ဟု ဒေသခံ များက ပြောသည်။

ထို့အပြင် KK Park ဝန်းမှ ထွက်ပြေးလာသူ နိုင်ငံခြားသားများ ညအချိန် သောင်ရင်းမြစ်ဖြတ်ကူးစဉ် ရေနစ် သေဆုံးမှုများလည်းရှိပြီး ရေပေါ်အလောင်း လေး၊ ငါးလောင်းခန့် ပေါ်ထွက်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ KK park ငွေလိမ်ခြံဝင်းအတွင်းက တရုတ်ငွေလိမ်လုပ်ငန်း နေရာများရပ်ဆိုင်းသွား သော်လည်း အခြား ခြံဝင်း AA park ဧကတစ်ရာဆိုဒ် နှင့် အင်ကြင်းမြိုင်၊ မင်းလက်ပံ ကျေးရွာသောင်ရင်းမြစ်အနီးရှိ ကျားဖြန့် လုပ်ငန်းများ ဆက်လုပ်နေဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။