Home သတင်း BGF အစီအမံဖြင့် KK Park ဝန်းအတွင်းမှ အလုပ်သမားအများအပြား ပြောင်းရွှေ့

BGF အစီအမံဖြင့် KK Park ဝန်းအတွင်းမှ အလုပ်သမားအများအပြား ပြောင်းရွှေ့

641
Photo: CJ

အောက်တိုဘာ ၂၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နှင့် ၁၀ မိုင်ကျော်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် ကျော်ကြားသော KK Park ဝန်းအတွင်းမှ လူပေါင်းရာနှင့်ချီမှာ ကရင်နယ်ခြားစောင့်တပ်-BGF စီမံမှုဖြင့် ယမန်နေ့ (အောက်တိုဘာ ၂၁)ရက်နေ့ ညပိုင်းမှစတင်ကာ ပြောင်းရွှေ့နေကြကြောင်း မျက်မြင်တွေ့ရှိသူသတင်းအရင်းအမြစ်များမှ သိရသည်။

KK park ဝန်းမှ BGF ပိုင်ဆိုင်သည့် ကားကြီး၊ ကားငယ် အသွယ်သွယ်ဖြင့် ယမန်နေ့ညမှစတင်ပြီး လက်ရှိသတင်းရေးသားနေချိန်အထိ လူများစွာပြောင်းရွှေ့နေကြရာ တရုတ်လူမျိုးဖြစ်ဟန်ရှိသူ အများစုကို တွေ့မြင်ရသည်ဟု ကေအိုင်စီ၏ နယ်စပ်သတင်းအရင်းအမြစ်က ဆိုသည်။

“ဒီမှာတော့ AA ဆိုက်ဒ်လို့ပဲခေါ်တာ AA ဆိုက်ဒ်အပေါက်ဝ ၁,၂,၃,၄ ဘယ်အထိရှိသလဲမသိဘူး။ အဲဒီကနေ လူတော်တော်များတယ်ရွှေ့နေတာ။ တရုတ်တွေအများဆုံးတွေ့တယ်။ BGF ကားတွေနဲ့သွားတာလည်းပါတယ်။ ရိုးရိုး ၆ ဘီးကားတွေလည်းပါတယ်။” ဟု နယ်စပ်နေထိုင်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၁၉)ရက်နေ့က အဆိုပါ နာမည်ဆိုးထွက်နေသည့် KK Park ဝန်းကို စစ်အုပ်စုမှ ဝင်ရောက်စီးနင်းရှာဖွေခဲ့သယောင် သတင်းလွှင့်ခဲ့သော်လည်း နယ်ခြားစောင့်တပ်အသိုင်းအဝိုင်းမှ သိရှိချက်အရ BGF တာဝန်ရှိသူများ၏ခွင့်ပြုချက်ဖြင့်သာ ဝင်ရောက်ဓာတ်ပုံမှတ်တမ်းယူသွားခြင်းဖြစ်သည်။

ထိုကိစ္စအပြီး လူမှုကွန်ရက်မီဒီယာ၌ ဝေဖန်မှုများလာသလို စစ်အုပ်စုဘက်ကလည်း BGF ကို ဖိအား ပေးလာသဖြင့် နီးစပ်ရာအဆက်အသွယ်မှတဆင့် နေရပ် ပြန်လိုသူ အလုပ်သမားများအတွက် ယခုလိုပို့ ဆောင်မှုလုပ်ပေးနေခြင်းဖြစ်သည်ဟု စစ်ဒေသ(၂)၏တာဝန်ရှိ ဗိုလ်မှူးချုပ် စောတင်ဝင်းက ပြောသည်။

Photo: CJ

စောတင်ဝင်းက “KK park ကိစ္စနဲ့ပတ်သက်ပြီး ကျားဖြန့်လို့နာမည်ထွက်တော့ အဖွဲ့အစည်းနာ မည်လည်း ထိခိုက်တယ်။ ပြီးတော့ မြန်မာစစ်တပ်ဘက်ကလည်း ကျနော်တို့ဖိအားပေးလာတာရှိတယ်။ အဲဒါကြောင့် သူတို့မှာရှိတဲ့အဆက်အသွယ်ကနေတဆင့် ကျနော်တို့ပေးပြန်တာ။” ဟု ကေအိုင်စီသို့ ပြောသည်။

အလုပ်သမားများအား နေရပ်ပြန်ရေးလုပ်ငန်းစဥ် ဟုတ်မဟုတ် သီးခြားအတည်ပြုနိုင်ရန် ကေအိုင်စီအနေဖြင့် ဆက်လက်စုံစမ်းနေသည်။ BGF နှင့်နီးစပ်ရာ သတင်းအရင်းအမြစ်ကမူ KK Park ဝန်းမှအလုပ်သမားများအား သယ်ထုတ်လာပြီး မြဝတီမြို့နယ်အတွင်း တစ်နေရာရာတွင် နေရာချထားပေးရန်ရှိနေသည်ဟု ဆိုသည်။

“နေပြည်တော်ကနေသိသွားလို့ အဲဒီလူတွေကို မြဝတီတစ်နေရာရာမှာ နေရာချပေးဖို့ ပြောင်းရွှေ့တာ” ဟု BGF နဲ့နီးစပ်ရာ အမည်မဖော်လိုသူ သတင်းအရင်းအမြစ်က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ(၁၄)ရက်က KK Park ဝင်းအတွင်း အင်တာနက်နှင့်ဆက်သွယ်ရေးဖြတ်တောက်ခံရသည့်ကြားမှ ကျားဖြန့်ငွေလိမ်လုပ်ငန်းများ ဆက်လက်လည်ပတ်မှုရှိနေကြောင်း AFP ၏ စုံစမ်းဖော်ထုတ်မှုမှတဆင့် ပြည်တွင်းပြည်ပမီဒီယာပေါ်တွင် သတင်းထွက်ပေါ်ခဲ့သည်။

ကာစီနိုရုံများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ နိုက်ကလပ်များ အပြင် လိင်ဖျော်ဖြေရေးရုံများနှင့် အွန်လိုင်းသုံး၍ ငွေကြေးလိမ်လည်နေသည့် လုပ်ငန်းများရှိရာအဖြစ် ၂၀၂၃ ခုနှစ်ကတည်းက နာမည်ထွက်နေသည့် KK park စီမံကိန်းနယ်မြေသည် ကျားဖြန့်နှင့်လူမှောင်ခိုမှုဖြင့် နာမည်ကြီးသည့် ရွှေကုက္ကိုလ်စီမံကိန်းနယ်မြေနှင့်အပြိုင် မြဝတီမြို့တစ်ဖက်တစ်ချက်တွင် နေရာယူထားသည်။