အောက်တိုဘာလ ၂၂ ၊ ၂၀၂၅ခုနှစ်။ ကေအိုင်စီ
ထိုင်း-ကမ္ဘောဒီးယားငွေလိမ်ဂိုဏ်းလုပ်ငန်းများ ပါဝင်နေသော စွပ်စွဲချက် တက်လာပြီးနောက် ထိုင်းအစိုးရအဖွဲ့၏ ဒုတိယဘဏ္ဍာရေးဝန်ကြီး မစ္စတာ ဗိုရာပက် တန်ယာဝန်သည် ယနေ့တွင် ရာထူးက နှုတ်ထွက်ခဲ့သည်ဟု Thai Enquirer က သတင်းဌာနတွင် ဖော်ပြသည်။
အရှေ့တောင်အာရှ ငွေလိမ်ဂိုဏ်းများတွင် ထိုင်းအစိုးရသစ်၏ ဒုဘဏ္ဍာရေး ဝန်ကြီးပါဝင်ပတ်သက်သော ကိစ္စကို ဖြေရှင်းရန် ဝန်ကြီးချုပ် မစ္စတာအနုတင်တောင်းဆိုပြီး တစ်ရက်အကြာတွင် မစ္စတာ ဗိုရာပက်က ယခုလို နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ထိုင်းအစိုးရအဖွဲ့သည် ငွေလိမ်ဂိုဏ်းနှင့် ဆက်စပ်နေသည်ဟု သတင်းထွက်သော ထိုင်းဒုဘဏ္ဍာရေးဝန်ကြီးကို နိုင်ငံအဆင့် ငွေလိမ်ဂိုဏ်း နှိမ်နင်းရေးကော်မတီကို ဦးဆောင်ခိုင်း မည့်သတင်းကိုလည်း ထိုင်းဝန်ကြီးချုပ်က ငြင်းဆိုပါသေးသည်။
စုံစမ်းဖော်ထုတ်ရေးသားသော သတင်းသမားများ ပါဝင်သည့် Project Brazen ၏ Whale Hunting သတင်းလွှာက ထိုင်းအစိုးရအဖွဲ့အသစ်၏ ဒုဘဏ္ဍာရေးဝန်ကြီးဇနီးသည် စင်ကာပူ အခြေစိုက်ကုမ္ပဏီတစ်ခုမှ ခရစ်ပတိုငွေကြေး ဒေါ်လာ ၃ မီလီယမ်ကို လက်ခံရရှိခဲ့သည်ဟု ဖော်ပြထားသည်။
အဆိုပါ အချက်အလက်ကို ကာယကံရှင်ဖြစ်သော မစ္စတာ ဗိုရာပက်က ပယ်ချခဲ့သည်။
၎င်းအစီရင်ခံစာတွင် ထိုင်းနှင့် ကမ္ဘောဒီးယားကြား ငွေလိမ်ဂိုဏ်းလုပ်ငန်းများနှင့် ဆက်စပ်နေသော နိုင်ငံရေး၊ စီးပွားရေးအချက်အလက်များကိုလည်း ဖော်ပြထားပြီး တရားမဝင်ငွေကြေးလုပ်ငန်းများနှင့် ဆက်စပ်နေသော ထိုင်းနိုင်ငံရှိ ကုမ္ပဏီများကိုလည်း စာရင်းပြုစုထားသော အချက်အလက်များ ထုတ်ပြန်ခဲ့သေးသည်။
ထိုင်းနိုင်ငံ၏ဝန်ကြီးချုပ်ဖြစ်လာသော မစ္စတာအနုတင်က ၎င်း၏ အစိုးရအဖွဲ့အတွင်း ငွေလိမ်ဂိုဏ်းများနှင့် ဆက်စပ်သော သူများပါဝင်သည်ဟု အပြစ်ရှိလျှင် ဥပဒေအရအရေးယူမည်ဟု ပြောဆိုထားသည်။
ကိုးကား- Thai Enquirer, Bangkok Post



















