Home သတင်း လေးမိုင်ရွာကို လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပြည်သူ တစ်ဦး သေဆုံး

လေးမိုင်ရွာကို လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပြည်သူ တစ်ဦး သေဆုံး

474
Photo: Social Media

အောက်တိုဘာ ၂၉ ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာ အုပ်စု၊ လေးမိုင်‌ကျေးရွာကို စစ်တပ်က အောက်တိုဘာ ၂၇ ရက်‌ မွန်းတည့်ချိန်တွင် လေကြောင်းမှ ဗုံးကြဲခြင်းနှင့် စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သားပြည်သူတစ်ဦး ကျည်စမှန် သေဆုံးသွားသည်ဟု တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

“အဲ့ဒီနေ့က နှစ်ဖက်တိုက်ပွဲ ဖြစ်ပြီးတဲ့အချိန်မှာ စစ်တပ်ကနေ လေကြောင်းနဲ့ ဗုံးကြဲခဲ့တာပါ။ အဲ့တာအပြင် စက်သေနတ်တွေနဲ့ ပစ်သွားတယ်။ အခုလည်း လေယာဉ်တွေ ပျံဝဲနေတာမျိုး ရှိပါတယ်။ နှစ်ဖက် စစ်ရေး တင်းမာ တဲ့အခြေအနေတွေ ကြောင့်ပါ” ဟု ၎င်းက ပြောသည်။

ထို့အပြင် ယမန်နေ့ အောက်တိုဘာ ၂၈ ရက်နေ့၊ နေ့လည်ပိုင်းတွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ဇဝဲအခြေစိုက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ကူပေးနေသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် စစ်အုပ်တပ်က ဗုံးကြဲတိုက်ခိုက်သည့်အပြင် လက်နက်ကြီးများဖြင့်ပါ ရမ်းသန်း ပစ်ခတ် နေ၍ တနင်္သာရီ မြို့နယ်အတွင်းရှိ လေးမိုင်ကျေးရွာအပြင် အနီးရှိ ကျေးရွာများသည်လည်း နီးစပ်ရာနေရာများသို့ ရွာလုံးကျွတ်နီးပါး စစ်ဘေးရှောင်နေရသည်ဟု တနင်္သာရီမြို့နယ် စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။

“တချို့ကြတော့လည်း လယ်ယာအလုပ်တွေရှိတော့မဖြစ်မနေပြန်ကြတယ် စားဝတ်နေရေးအတွက်၊ အဲ့တာ ကြောင့် အခုလိုထက်ပြီးတိုက်ပွဲပြင်းထန်တော့ နောက်တစ်ကြိမ် စစ်ဘေးရှောင်ကြရတယ်”ဟု ကေအိုင်စီ သို့ ပြောသည်။

လက်ရှိ မြိတ်ခရိုင်အတွင်း နှစ်ဖက်တိုက်ပွဲများ ယခင်လများထက် ပိုမိုထန်လာသောကြောင့် ဒေသခံပြည်သူ များကို အမှတ်(၈)ပြည်ထောင်စု လမ်းပိုင်းတချို့ နေရာများကို ခရီးသွားလာခြင်းမပြုကြရန် တော်လှန်ရေးတပ် ဖွဲ့များဘက်က ထုတ်ပြန် ကန့်သတ်ထားသည်။