Home သတင်း လေးကေကော် တိုက်ပွဲတွင် စစ်အုပ်စုတပ် အထိနာပြီး ပြန်ဆုတ်၊ တပ်သားတစ်ဦး KNLA မဟာမိတ်တပ် ဖမ်းမိ

လေးကေကော် တိုက်ပွဲတွင် စစ်အုပ်စုတပ် အထိနာပြီး ပြန်ဆုတ်၊ တပ်သားတစ်ဦး KNLA မဟာမိတ်တပ် ဖမ်းမိ

906

အောက်တိုဘာ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီတောင်ပိုင်း၊ လေးကေကော်ဒေသကို ထိုးစစ်ဆင်နေသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များအကြား ယမန်နေ့က တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုတပ်ဘက်က အထိနာ၍ နောက်ပြန်ဆုတ်ခွါခဲ့ရသည်ဟု မြေပြင် တော်လှန်ရေးစစ်ရေးသတင်းအမြစ်က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာမှ စ၍ လေးကေကော်ဒေသကို ထိန်းချုပ်နိုင်ရေး စစ်တပ်က စစ်ကြောင်း (၃)ကြောင်းနှင့် လက်နက်ရော လူပါအင်အားအများအပြားသုံးကာ ထိုးစစ်ဆင်နေခြင်းကြောင့် နှစ်ဖက်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေခြင်းဖြစ်သည်။

ယမန်နေ့(အောက်တိုဘာ ၁၁)ရက်နေ့က လေးကေကော်ဒေသ၌ ဆက်လက်ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲအတွင်း စစ်အုပ်စုဘက်ကအချို့အထိနာခဲ့၍ ပြန်ဆုတ်ခွါခဲ့သလို ၎င်းတပ်ဖွဲ့ဝင်တစ်ဦးကိုလည်း လက်နက်(၄)လက်နှင့်အတူ မဟာမိတ်တပ်က ဖမ်းဆီးရမိခဲ့သည်ဟု တိုက်ပွဲဝင် KNLA တပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။

အမည်မဖော်လိုသူ တပ်ဖွဲ့ဝင်တစ်ဦးက “မနေ့ကပွဲကတော့ ရန်သူနှစ်ယောက် အလောင်းတွေ့တယ်။ သေတာတော့နှစ်ယောက်မကဘူး။ သေနတ်တွေသယ်ပြီးပြေးတဲ့ တစ်ယောက်ကိုတော့ အရှင်ရတယ် လက် နက်(၄)လက်နဲ့။ ဒီနေ့ကတော့ ဒရုန်းနဲ့လာလာချပေမယ့် တိုက်ပွဲငြိမ်နေတယ်” ဟု ပြောသည်။

ထို့အပြင် နောက်ဆုတ် အင်အားပြင်နေသည့် ထိုစစ်အုပ်စုတပ်ဖွဲ့များကို ကရင်နယ်ခြားစောင့်တပ်-BGF နှင့် ကြာအင်း DKBA ခွဲထွက် ဗိုလ်ဘိ အဖွဲ့တို့က အင်အားဖြည့်ကူညီပေးနေသည်ဟု ရှေ့တန်းရှိ မဟာမိတ်တပ်ဘက်က ပြောသည်။

စစ်ရေးသတင်းအရင်းအမြစ်များပြောဆိုချက်အရ လေးကေကော်ဒေသအပါအဝင် ကော့ကရိတ်မြောက်ပိုင်းသို့ပါ စစ်ကြောင်းချီနေသည့် စစ်အုပ်စုက လေးကေကော်ဒေသ မြဝတီဘက်ခြမ်းကို ထိန်းချုပ်ထားနိုင်သလောက်ရှိနေပြီး ကော့ကရိတ်ဘက်တောင်ဘက်ခြမ်းတွင်ပါ အသာစီးရရေး ကြိုးပမ်းနေကြောင်း သိရသည်။

“နဘူး-တံတားကျိုး လမ်းမကြီးအထိ သူတို့(စစ်အုပ်စု)ရထားတယ်လေ။ ကော့ကရိတ်တောင်ဘက် ရန်ကုတ်၊ နောင်နိုင်းဘက်မှာလည်း တနေ့(အောက်တိုဘာ ၁၀ ရက်)ကတည်းက သူတို့ဝင်လာတာ။ အင်အားများတယ်။ များတော့ ကိုယ့်ဘက်ကဆုတ်ရတယ်။” ဟု နောက်ထပ် KNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လေးကေကော်တိုက်ပွဲအတွင်း KNLA မဟာမိတ်တပ်ဖွဲ့ဝင်များဘက်က ထိခိုက်ကျဆုံးမှုရှိသလို စစ်အုပ်စု ဘက်ကလည်း တပ်သားသစ် ၁၀၀ ဝန်းကျင် သေဆုံးခဲ့ကြောင်း မဟာမိတ်တပ် ဗျူဟာ (၃၂) ကျားသစ်နက်စစ်ကြောင်းက အောက်တိုဘာ (၇)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထို့အတူ အာရှလမ်းမကြီးကို အသာစီးရရေး ထိုးစစ်ဆင်လာသည့် အောင်ဇေယျစစ်ဆင်ရေးအတွင်း စစ်အုပ်စု ဘက်မှတပ်ဖွဲ့ဝင် (၃၀) ဦးထက်မနည်းမှာလည်း အာရှလမ်းတိုက်ပွဲ၌ KNLA မဟာမိတ်တပ်ဘက်သို့ ကူးပြောင်းခဲ့သည်ဟု KNLA သတင်းအရင်းအမြစ်မှ သိရသည်။