အောက်တိုဘာ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့မြောက်ပိုင်းရှိ နောင်မိကျေးရွာလမ်းပိုင်း၌ ယမန်နေ့ အောက်တိုဘာ ၁၁ ရက်နေ့ လည်ပိုင်းတွင် စစ်အုပ်စုနှင့် DKBA ဗိုလ်ဘိပူးပေါင်းစစ်ကြောင်းကို KNLA မဟာမိတ်တပ်ဖွဲ့များက တိုက် ခိုက်ခဲ့ရာ ထိခိုက်ကျဆုံးမှုများဖြစ်ပြီး တပ်ပြန်ဆုတ်ခွါသွားရကြောင်း တော်လှန်ရေးတပ်ဖွဲ့ သတင်းအရင်းအမြစ်က ပြောသည်။
KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၇) နယ်မြေရှိ မြပတိုင်ရွာနှင့် ထီဖိုးစံ – ကော့ဖန်ရပ်ရွာ လမ်းအတိုင်း စစ်ကြောင်းထိုးလာသော စစ်အုပ်စုနှင့် DKBA ဗိုလ်ဘိအဖွဲ့ကို နောင်မိရွာ လမ်းပိုင်း ရောက်ရှိနေစဉ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်ဖွဲ့က ဖြတ်တောက် တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“မြပတိုင်ကနေ နောင်မိ / ထီးဖိုးစံဘက် စစ်ကြောင်းတက်လာတာ မနက်ပိုင်းမှာ ဒရုန်းတွေကြဲ၊ လက် နက်ကြီးပစ်ပြီး နေ့လည်ပိုင်းတက်လာတော့ တိုက်ပွဲစဖြစ်တယ်။ DKBA ထဲက အရှင်ဖမ်းမိတာရှိတယ်။ DKBA တွေ ထိတာများတော့ နဘူးဆေးရုံဘက်ကို ပြန်သယ်တယ်။ (ပစ) စစ်သား / DKBA အလောင်းတွေတော့ မသယ်နိုင်သေးဘူး” ဟု KNLA မဟာမိတ်တပ်ဖွဲ့ ရှေ့တန်း သတင်းအရင်းအမြစ်က ပြောသည်။

ထိုသို့ စစ်တပ်နှင့် DKBA ပူးပေါင်းစစ်ကြောင်းများမှ ထီဖိုးစံရွာဘက်ကို လက်နက်ကြီး ကြိုတင် ပစ်ခတ် မှုနှင့် ဒရုန်းကြဲချမှုများလုပ်ဆောင်သည့်အတွက် ဒေသခံရွာသူ/ရွာသားများဖြစ်သော သက်ကြီးရွယ်အို၊ ကလေး နှင့် အမျိုးသမီးများသည် တိုက်ပွဲလွတ်ရာနေရာများသို့ နေရပ်စွန့်ခွာ စစ်ဘေး ရှောင်နေကြရကြောင်း သိရသည်။
“နောင်မိရွာလမ်းမှာ နေ့လည်ပိုင်းပစ်ကြတော့ နဘူးဘက်ကလည်း ဒရုန်းလာတယ်။ လက်နက် ကြီးလာ ကျတယ်။ ကော့ကရိတ် ၉၇ ဘက်ကလည်း အလုံးကြီးလာကြတယ်။ ရွာသားတွေတော့ မထိဘူး၊ တိုက်ပွဲက ၄ နာရီခွဲလောက်မှာ ငြိမ်သွားတယ်။ ရွာကလူတွေတော့ အကုန်ကြိုရှောင်နေကြပြီ” ဟု ထီးဖိုး စံရွာ သတင်းအရင်းအမြစ်က ပြောသည်။
၎င်းအပြင် ကော့ကရိတ်မြို့မှ ဒေါနတောင်လမ်းဟောင်းဘက်သို့ အောက်တိုဘာ ၁၁ ရက်နေ့တွင် စစ်ကြောင်းထွက်လာသော စစ်အုပ်စုတပ်ကလည်း ရန်ကုတ်ရွာသား တစ်ဦးအား ပစ်ခတ်သတ်ပြီး ၂ ဦးကို ယခုအချိန်ထိ ဖမ်းဆီးထားကြောင်း ဒေသခံသတင်းအရင်းအမြစ်များ ပြောဆိုချက်ရ သိရသည်။
ယခု အောက်တိုဘာလ ၇ ရက်မှ စတင်၍ အာဏာသိမ်းစစ်တပ် စစ်ကြောင်းများသည် KNU တပ်မဟာ (၇)ရှိ KNLA မဟာမိတ်တပ်များ ထိန်းချုပ်နယ်မြေများအား စစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ထို့ကြောင့် နဘူး၊ မြပတိုင်၊ ထီဖိုးစံလမ်းကြောင်းနှင့် ကော့ကရိတ်၊ ရန်ကုတ်၊ အောက်ဘိုတဲ လမ်းပိုင်း နေရာများဘက်တွင် KNLA မဟာမိတ်တပ်များနှင့် တိုက်ပွဲဆက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။



















