အောက်တိုဘာ ၃၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) မူတြော်ခရိုင်/တပ်မဟာ (၅) နယ်မြေတွင် လက်ရှိ စစ်ရေး နှင့် လုံခြုံရေးအခြေအနေများကြောင့် ရွေးကောက်ပွဲ ပြုလုပ်နိုင်ဖွယ် မရှိကြောင်း တပ်မဟာ (၅) ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ကေအိုင်စီသို့ ပြောသည်။
စစ်အုပ်စုက လာမည့်နှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၂) ကို မြို့နယ် (၁၀၀) ခန့်ဖြင့် ပြုလုပ်မည်ဟု အောက်တိုဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ၌ ကရင်ပြည်နယ်မှ ဖာပွန်မြို့နယ်လည်း ပါဝင်လာခြင်း ဖြစ်သည်။
လက်ရှိ ရွေးကောက်ပွဲလုပ်မည်ဟု ကြေညာထားသော ဖာပွန်မြို့နယ်တွင် စစ်တပ်က ကရင်နယ်ခြား စောင့်တပ် (BGF) နှင့် (DKBA) ဗိုလ်ဘိတို့ ပူးပေါင်း၍ ကမမောင်းမြို့ဘက်မှ တန်ပြန်ထိုး စစ်ဆင်နေကြသဖြင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။
ထိုသို့ ဖာပွန်နှင့် ကမမောင်းအနီး ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားနေသည့်အပြင် ကျေးရွာအုပ်စု ၃၅ စုအနက် ၃၄ စုကို တော်လှန်ရေးပူးပေါင်းတပ်များက ထိန်းချုပ်ထားသောကြောင့် ရွေးကောက်ပွဲ လုပ်နိုင် မည်မဟုတ်ဟု တပ်မဟာ(၅) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက ယခုလို ပြောသည်။
“ ရွေးကောက်ပွဲကတော့ ဒီဘက်မှာ ဖြစ်မြောက်မှာတော့မဟုတ်ဘူး။ ဒီဖာပွန်မြို့နယ်ထဲမှာ စစ်တပ်တွေရဲ့ နေရာမရှိဘူး။ လုပ်ရင် ဖာပွန်ထဲက သူတို့တပ်တွေရှိတဲ့ ကမမောင်းမြို့တစ်ခွင်ထဲကပဲ လုပ်နိုင်မယ်။ အဲဒီမှာလည်း အုပ်ချုပ်ရေးမှူးတွေတောင် အတည်တကျ မရှိဘူး။ မဲသွားပေးရမယ် မဲထည့်ဖို့ တာဝန်ရှိသူတောင်မရှိဆိုတော့ ဒီရွေးကောက်ပွဲက အတုအယောင်ပဲလို့ မြင်တယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
တိုက်ပွဲများကြောင့် ဖာပွန်မြို့ နှင့် ဖာပွန်-ကမမောင်းလမ်းတလျှောက် ကျေးရွာများအတွင်း နေထိုင်သူ မရှိတော့သလို ယနေ့အချိန်ထိ နေရပ်စွန့်ခွာရှောင်တိမ်းနေရသော ဒေသခံများလည်း နေရပ်မပြန်ရဲကြသေးကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
“ဖာပွန်ဘက်ခြမ်းက နေရာတော်တော်များများ နေလို့မရတော့လို့ ကမမောင်းမောင်းဘက်ခြမ်း ပြောင်း လာတာ အများကြီးပဲ။ ပြောင်းလာတဲ့ စစ်ရှောင်တွေကို ပြီးခဲ့တဲ့ နှစ်လက သူတို့ထောက်ပံ့ ကြေးတွေ ဘာတွေ လာပေးတာရှိတယ် ကြားတယ်။ အိမ်ထောင်စုစာရင်း မဟုတ်ရင် မှတ်ပုံတင် သေသေ ချာချာပြပြီး ယူရတယ်။ ထောက်ပံ့ကြေးကိုက အကြောင်းပြပြီး သူ့ဆီက ယူထားတဲ့သူတွေ အချက် အလက် ရှိထားတော့ အဲဒီကနေ မဲတွေ မလှိမ့်တပတ် လုပ်ရင်လည်း လုပ်မှာပေါ့။” ဟု စစ်ရှောင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
၎င်းအပြင် BGF၊ DKBA ဗိုလ်ဘိအဖွဲ့ တို့နှင့် ပူးပေါင်းပြီး စစ်ကြောင်းထိုးလာသည့် စစ်တပ်သည် လမ်းတလျှောက်နှင့် ဘေးပတ်ဝန်းကျင်ရှိရွာများကို လက်နက်ကြီး များဖြင့် လှမ်းပစ်မှုနှင့် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။
“စိတ်ပူတာက ဒီရွေးကောက်ပွဲကာလမှာ ရွေးကောက်ပွဲတဲ့ မလုပ်ဖြစ်တဲ့ ရွာတွေဘက်ကို လှမ်းထုမှာတော့ ကြောက်တယ် “ ဟု ထိုစစ်ရှောင်နှင့်နီးစပ်သူက ပြောသည်။
KNU တပ်မဟာ (၅) နယ်မြေရှိ ဖာပွန်မြို့နှင့်မြို့အနီးတွင် ခြေလျင်တပ်ရင်း-ခလရ ၁၉၊ ခြေမြန်တပ်ရင်း-ခမရ ၄၃၄ နှင့် စစ်လက်နက်ပစ္စည်းတပ် (စစန) ၆၄၂ ဌာနချုပ်များကို KNLA ပူးပေါင်းတပ်များက ၂၀၂၄ မတ်လ ကုန်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
စစ်တပ်သည် ပူးပေါင်းတပ်များထံ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် စခန်းအား ပြန်လည်ရရှိရေးအတွက် ကမမောင်းမြို့ဘက်မှတဆင့် စစ်ကြောင်းထိုးစစ်ဆင်မှုများ၊ လေကြောင်းဖြင့် ခဲယမ်း၊ ရိက္ခာများ ပို့ဆောင်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်းများလည်း လုပ်ဆောင်နေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ဖော်ပြသည်။
ဖာပွန်-ကမမောင်း လမ်းပိုင်းရှိ KNLA ပူးပေါင်းတပ်၏ သိမ်းယူရှင်းလင်းခံထားရသော ကတိုင်တိ တပ် စခန်းအား စစ်တပ်နှင့် BGF တို့က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ပြီးခဲ့သည့် စက်တင်ဘာလ၌ ကတိုင်တိတပ်စခန်းကို အင်အားဖြည့်စစ်ကြောင်းထိုးလျက်ရှိသည်။ စစ်ကြောင်းရှေ့ဆက် မတိုးနိုင်သေးဘဲ လက်ရှိ ကမမောင်းမြို့အထွက် ဝါးဒူးကျေးရွာအထက်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု သိရသည်။
တပ်မဟာ(၅) နယ်မြေတွင် ကမမောင်း၊ ကတိုင်တိ၊ မယ်ဝေစသည့် ဒေသများတွင် နှစ်ဖက်ထိတွေ့မှု အများဆုံးဖြစ်ပွားနေပြီး ၎င်းဒေသတွင် စစ်အုပ်စုတပ် ခြေလျင်တပ်ရင်း(ခလရ-၁၉)၊ ခြေမြန်တပ်ရင်း (ခမရ-၃၄၁)၊(ခမရ-၄၃၄)၊ (ခမရ-၄၀၇)တပ်ရင်းများအပြင် BGF ဘက်မှ ဗိုလ်မောင်လှကြိုင် ဦးစီးသည့် (၁၀၁၃) တပ်ရင်းနှင့် အခြား (၁၀၁၄) တပ်ရင်းမှ တပ်ဖွဲ့ဝင်များလည်း ပူးပေါင်းလှုပ်ရှားနေကြကြောင်း နယ်မြေခံ သတင်းများအရ သိရသည်။
KNU တပ်မဟာ(၅)၏ သတင်းထုတ်ထားပြန်ချက်အရ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း အာဏာသိမ်းစစ်တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် – KNLA တို့ ပူးပေါင်းတပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲ ၁၁၃ ကြိမ်၊ ယခု အောက်တိုဘာလလယ် ၁၅ ရက်ထိ
တိုက်ပွဲ ၅၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။



















