Home သတင်း ကရင်လက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား ပဋိပက္ခဖြစ်ပွားရန်မရှိဟု KNU ပြော

ကရင်လက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား ပဋိပက္ခဖြစ်ပွားရန်မရှိဟု KNU ပြော

1057

အောက်တိုဘာ ၃၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ရေးအခင်းအကျင်းတွင် ကရင်လက်နက်ကိုင်အဖွဲ့များအကြား ပဋိပက္ခ ဖြစ်ပွားရန်အကြောင်းမရှိဟု အောက်တိုဘာ (၂၉) ရက်နေ့တွင် ပြုလုပ်သည့် ကေအိုင်စီနှင့် သီးသန့် အင်တာဗျူးအတွင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောသည်။

လက်ရှိ ကော့ကရိတ်နှင့် မြဝတီတောင်ပိုင်း စစ်ရေးအခင်းအကျင်းများတွင် ကေအဲန်ယူမှ ခွဲထွက်သော ကရင် လက်နက်ကိုင်အချို့က စစ်အုပ်စုကို အကူအညီပေးနေမည့်အပေါ် စစ်အုပ်စု၏ ဖိအားပေးလမ်းညွှန်မှုကြောင့်သာ ဖြစ်၍ ကရင်အချင်းချင်းကြား ပဋိပက္ခဖြစ်ရန်မရှိဟု ပဒိုစောကလယ်စေးက ယခုလို ပြောသည်။

“ဒါက စစ်အုပ်စုက ကြိုးကိုင်ထားပြီး ဖိအားတွေလည်း ပေးတယ်။ သူတို့မှာ အဲဒီဖိအားကို ဒီနေ့အချိန်ထိ မလွန်ဆန်နိုင်သေးဘူး။ ဒါကြောင့် သူတို့ သုံးဖွဲ့လုပ်တဲ့ကိစ္စက ကျနော်တို့ရဲ့ နိုင်ငံရေးလမ်းစဉ်နဲ့ကတော့ ဆန့် ကျင်ဘက် ဖြစ်ပေမယ့်လည်း စစ်အုပ်စုရဲ့ အကြံပြုမှုပဲ။ ကျနော်တို့ ကရင်အချင်းချင်းကတော့ ပဋိပက္ခ ဖြစ်ဖို့ မရှိဘူး” ဟု ပဒိုစောကလယ်စေးက ဆိုသည်။

ကော့ကရိတ်-မြဝတီ တိုက်ပွဲများတွင် DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့က တော်လှန်ရေး မဟာမိတ် တပ်ဖွဲ့များနှင့် တိုက်ပွဲ ဖြစ်ပွားရာ၌ စစ်အုပ်စုကို ကူညီထောက်ပံ့ပေးနေသည်ဟု ဒေသတွင်းသတင်း အရင်းအမြစ်တို့က ပြောသည်။ ထိုတိုက်ပွဲကာလအတွင်း ဒေသခံများအပေါ် ဗိုလ်ဘိအဖွဲ့က ဖမ်းဆီးနှိပ်စက်မှု ကျူးလွန်ကြောင်း လည်း မြေပြင်သတင်းအရင်းအမြစ်များက ဆိုသည်။

ထို့အတူ အာရှလမ်းမကြီး တိုက်ပွဲကာလတွင်လည်း စစ်အုပ်စုအား နယ်ခြားစောင့်တပ်-BGF က စစ်ရေးအရ ကူညီပေးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် ဒေသခံများထံမှ သတင်း ထွက်ပေါ်ခဲ့သလို ကရင်ငြိမ်း ချမ်းရေးကောင်စီ-PC အဖွဲ့ ကပါ ၎င်းတို့နယ်မြေအတွင်း စစ်အုပ်စု ပို့ဆောင် သွားလာရေးအတွက် အကူအညီပေးခဲ့သည်ဟု ဆိုကြသည်။

ယင်းပြောဆိုချက်များနှင့် ပတ်သက်၍ ပြီးခဲ့သည့် စက်တင်ဘာလက ကေအိုင်စီ မေးမြန်းချက်ကို BGF မှ ငြင်း ဆိုထားသည်။ PC အဖွဲ့ ကလည်း အဖွဲ့အစည်း မူဝါဒအရ စစ်အုပ်စုနှင့် KNLA တို့ တိုက်ပွဲ၌ ပူးပေါင်း ပါဝင်မှု မရှိဟု အောက်တိုဘာ နောက်ဆုံးအပတ်က တုံ့ပြန် ပြောဆိုသည်။

“ကျနော်တို့အဖွဲ့ရဲ့ ညွှန်ကြားချက် ဖြစ်ဖြစ်၊ ပေါ်လစီမှာ ဖြစ်ဖြစ် ဒီတိုက်ပွဲကြားမှာ ပူးပေါင်းပေးဖို့ ဆိုတာ မရှိသလို၊ ကျနော်တို့ လူတွေ ပါဝင်နေတာလည်း မရှိပါဘူး။ ဒါပေမဲ့ ဘယ်လိုသွားမှားလဲတော့ တိတိကျကျ ပြောလို့ မရဘူး။ ပုခုံးပေါ်က တံဆိပ်က ပွတ်တိုက်မှုရှိမရှိ ပြောလို့ မရဘူးပေါ့” ဟု PC အဖွဲ့၏ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွှန့်က ကေအိုင်စီသို့ ပြောသည်။

၎င်းစွပ်စွဲချက်များကို ပယ်ချထားသော်လည်း အာဏာတည်မြဲရေးအတွက် ပြုလုပ်မည့် စစ်အုပ်စု၏ ရွေးကောက်ပွဲကို PC၊ BGF အပါအဝင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်–DKBA တို့က ပွဲဖြစ်မြောက်ရေး အကူအညီပေးသွားမည် ဖြစ်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ထားသည်။

တဖက်တွင်လည်း ကရင်တော်လှန်ရေးကို ဦးဆောင်နေသည့် ကေအဲန်ယူနှင့် မဟာမိတ် တော်လှန်ရေးအဖွဲ့များအပါအဝင် ကရင်အရပ်ဖက် အဖွဲ့အများစုက စစ်အုပ်စု၏ ရွေးကောက်ပွဲ မဖြစ်မြောက်ရေး၊ အသိအမှတ် ပြုမခံရရေး တိုက်တွန်း နှိုးဆော်နေကြသည်။

ထို့ကြောင့် ကရင်လက်နက်ကိုင်အချင်းချင်း ကြား သဘောထားကွဲလွဲမှု ရှိလာနိုင်မည့်အပေါ် ဝေဖန်မှုအမျိုးမျိုး ရှိနေသလို KNLA မဟာမိတ်တော်လှန်ရေးတပ်နှင့် ပြည်သူလူထုကလည်း အလေးထားစောင့်ကြည့်နေကြသည်။

ကရင်အရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက “မူနဲ့ နိုင်ငံရေးအယူအဆ မတူရင် ပွတ်တိုက်မှုက ရှိလာမှာပဲ။ ကျနော် နားလည်ထားတာက အမျိုးသားရေး တော်လှန်ရေးကို ပီပြင်စွာ လုပ်မယ်၊ ကရင်တစ်မျိုးသားလုံးကို ဦးဆောင်ဖို့ဆိုရင် လူရောမူပါ လုံလောက်တဲ့ နိုင်ငံရေး ဂုဏ်သိက္ခာရှိဖို့ လိုတယ်။ အဲ့လို မဟုတ်ဘဲ ကြုံရာ ကျပန်း နိုင်ငံရေးအယူအဆနဲ့ တော်လှန်ရေး လုပ်ဖို့ ခက်ပါလိမ့်မယ်” ဟု ထောက်ပြ သုံးသပ်သည်။

လူထုဆန္ဒအရ ခွဲထွက်နေကြသည့် ကရင်လက်နက်ကိုင်အချင်းချင်း ပြန်လည်ပေါင်းစည်းရေးအတွက် KNU၊ BGF၊ DKBA၊ PC တို့ ပါဝင်သည့် စည်းလုံးညီညွတ်ရေးကော်မတီကို ၂၀၁၃ ခုနှစ်က ဖွဲ့စည်းခဲ့သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အပစ်ရပ်ကာလမှ စစ်တပ်က အာဏာသိမ်းပြီး လက်ရှိအချိန်ထိ ပေါင်းစည်းရေး မလုပ်နိုင်သေးသော်လည်း ၂၀၂၅ ဒီဇင်ဘာ၌ ပြုလုပ်မည့် ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ငြိမ်းချမ်းရေးအတွက် ဆိုကာ ကျန်သုံးဖွဲ့မှ တွေ့ဆုံ ဆွေးနွေးမှုများ လုပ်ဆောင်ကြသော်လည်း ကေအဲန်ယူ မပါခဲ့ပေ။

ထိုပွဲတွင်လည်း ငြိမ်းချမ်းရေးထက် စစ်အုပ်စု ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကိုသာ အလေးပေး ပြောဆိုခဲ့သလို ကေအဲန်ယူကို ချန်လှပ်ပြီး အဖွဲ့ ထပ်ဖွဲ့ရေးပါ ပြောဆိုခဲ့ကြသည်ဟု အစည်းအဝေးကို ကိုယ်တိုင်သွားတက်ခဲ့သူ သတင်းအရင်းအမြစ်မှ သိရသည်။

“ကျနော်တို့ကတော့ ကရင် တစ်မျိုးသားလုံး အကျုံးဝင်တာကိုပဲ လိုချင်တာပါ။ ဒီနယ်မြေလေး တစ်ကွက်ကတော့ အားလုံးအတွက် အဆင်မပြေဘူး။ ကရင် တစ်မျိုးသားလုံး လွတ်မြောက်ဖို့အပြင် ဖိနှိပ်ခံ လူမျိုးအားလုံး လွတ်မြောက်ဖို့ ဆိုတဲ့ ကျနော်တို့ရဲ့ နိုင်ငံရေး သံဓိဌာန်အတိုင်းပဲ သွားမှာပါ။ သူတို့ ကေအဲန်ယူကို ချန်ထားပြီး သွားဖို့ ဆိုတာကလည်း စစ်အုပ်စုရဲ့ လမ်းညွှန်မှုပါပဲ” ဟု ထိုကိစ္စနှင့် ပတ်သက်၍ KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ဖြည့်စွက် မှတ်ချက်ပေးသည်။

စစ်အစိုးရ၏ သပ်လျှို သွေးခွဲမှုကြောင့် ၁၉၉၄ ခုနှစ်တွင် ကေအဲန်ယူမှ ခွဲထွက်ခဲ့သော DKBA အဖွဲ့သည် ၂၀၁၀ ခုနှစ်တွင် ကရင်နယ်ခြားစောင့်တပ် (BGF) အဖြစ် အသွင်ပြောင်းခဲ့သည်။ သို့သော် BGF အဖြစ် မပြောင်းလိုသော ဗိုလ်ချုပ် စောလားပွယ် ဦးဆောင်သည့် DKBA အဖွဲ့ဝင် အချို့က မူလတပ်ဖွဲ့ အတိုင်း ဆက်လက်တည်ရှိခဲ့သည်။ ထို့နောက် တပ်ဖွဲ့ကို “တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုး သားတပ်မတော်” အဖြစ်မှ “ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်” (DKBA) ဟု နာမည်ပြောင်း၍ ၂၀၁၅ ခုနှစ်တွင် (NCA) စာချုပ်ကို လက်မှတ်ထိုးခဲ့သည်။

ထို့အပြင် ၂၀၀၇ ခုနှစ်တွင် ကေအဲန်ယူမှ ခွဲထွက်ကာ “ကရင်ငြိမ်းချမ်းရေးကောင်စီ” (KNU/KNLA–PC) အဖြစ် ဖွဲ့စည်းခဲ့သော အဖွဲ့သည်လည်း NCA ကာလအပါအဝင် အာဏာသိမ်းကာလတစ်လျှောက် DKBA အဖွဲ့နည်းတူ စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေသည့် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။