Home သတင်း စစ်တပ်ဖျက်သိမ်းမှ အွန်လိုင်းရာဇဝတ်မှုနှင့်အကြပ်အတည်းကို ဖြေရှင်းနိုင်မည်ဟု JFM ပြော

စစ်တပ်ဖျက်သိမ်းမှ အွန်လိုင်းရာဇဝတ်မှုနှင့်အကြပ်အတည်းကို ဖြေရှင်းနိုင်မည်ဟု JFM ပြော

389
Photo: AFP & CINCDS

အောက်တိုဘာ ၂၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

လက်ရှိ စစ်အာဏာရှင်အုပ်စုကို ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး လူထုကြိုးပမ်းမှုကို ထောက်ပံ့ကူညီမှ အွန်လိုင်းအသုံးပြု ရာဇဝတ်မှုကျူးလွန် ခြင်းများနှင့် မြန်မာ့နိုင်ငံ ရေးအကြပ်အတည်းကို ဖြေရှင်းနိုင်မည်ဟု Justice for Myanmar-JFM က ပြောသည်။

မြန်မာ့နယ်စပ်ဆိုက်ဘာရာဇဝတ်မှုများတွင် စစ်အုပ်စုလည်းပါဝင်ပတ်သက်နေကြောင်း ယမန်နေ့(အောက်တိုဘာ ၂၁)ရက်နေ့က ထုတ်ပြန်ချက်တွင် စစ်တပ်ဖျက်သိမ်းရေး၊ မြန်မာ့ဒီမိုကရေစီခရီးတွင်ကျယ်ရေးအတွက် ကူညီပေးရန် အာဆီယံနှင့်နိုင်ငံတကာအသိုင်းအဝိုင်းကို JFM က တိုက်တွန်းလိုက်ခြင်းလည်းဖြစ်သည်။

အောက်တိုဘာလ (၁၉)ရက်နေ့က မြဝတီနယ်စပ်ရှိ ဆိုက်ဘာရာဇဝတ်မှုလုပ်ဆောင်နေသည့် KK Park ကို ဝင်ရောက်၍ စတားလင့်ခ်စက်များအပါအဝင် အလုပ်သမား နှစ်ထောင်ကျော်ကို ဖမ်းမိခဲ့သည်ဟု စစ်အုပ်စုက ၎င်းထိန်းချုပ်ထားသော နိုင်ငံပိုင်မီဒီယာမှ ကြေညာသွားသည်။

သို့သော် JFM ၏ ထုတ်ပြန်ချက်တွင် KK Park အပါအဝင် နိုင်ငံဖြတ်ကျော်ရာဇဝတ်စီးပွားရေးလုပ်ငန်းများကို နယ်ခြားစောင့်တပ်-BGF အပါအဝင် ရာဇဝတ်ကုမ္ပဏီများနှင့်ပူးပေါင်းကာ အကျိုးအမြတ်ရှာဖွေနေသော စစ်အုပ်စု၏ ထိုလုပ်ရပ်မှာ အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် အချိန်ကိုက်အယောင်ပြ လုပ်ရပ်ဖြစ်သည်ဟု ဆိုသည်။

အာဆီယံဒေသတွင်းသတင်းများအရ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် လာမည့် အောက်တိုဘာ ၂၆ မှ ၂၈ ရက်နေ့အထိ (၄၇) ကြိမ်မြောက်သော အာဆီယံထိပ်သီးအစည်းအဝေးကို ကျင်းပသွားမည်ဖြစ်ပြီး ထိုအစည်း အဝေးသို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လည်းတက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

Photo: AFP & CINCDS

အမေရိကန်နှင့်ဗြိတိန်ဘက်က ကျားဖြန့်နှင့်လူမှောင်ခိုကိစ္စများနှင့် စပ်လျဥ်းပြီး တာဝန်ရှိသူများကို အရေးယူပိတ်ဆို့မှုများ လုပ်ခဲ့ခြင်းကြောင့် ထိုရာဇဝတ်မှုများတွင် ပတ်သက်နေသည့် စစ်အုပ်စုနှင့်အပေါင်းအပါများက အာရုံပြောင်းလှည့်စားနေခြင်းဖြစ်သည်ဟု JFM က ဆိုသည်။

စစ်တပ်ကသာ နေရပ်ရွှေ့ပြောင်းနေထိုင်ရသူ(IDP)များ ပိုမိုတိုးပွားစေ၍ အိမ်နီးချင်းနိုင်ငံများအထိ စီးပွားရေးအကြပ်အတည်းဖြစ်စေသည့် အဓိကတရားခံဖြစ်သည်။ အာဏာသိမ်းပြီးနောက်တွင်လည်း အာဆီယံကပေးထားသည့် နိုင်ငံရေးတရားဝင်မှု အမှားကြောင့် အပြစ်ပေးအရေးယူခံရမှုမှ ကင်းလွတ်ကာ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကိုပါ ပိုမိုဆိုးရွားစေကြောင်း ထောက်ပြသွားသည်။

ထို့ကြောင့် အာဆီယံအစိုးရများအနေဖြင့် အစည်းအဝေးတွင် စစ်အုပ်စု၏ရွေးကောက်ပွဲကိုဆန့်ကျင်၍ ၎င်း၏ အထောက်အပံ့များကို ဖြတ်တောက်ပြီး ကျူးလွန်ထားသမျှတာဝန်ခံစေရန် လုပ်ဆောင်ရမည်ဟု JFM က တပါတည်းတိုက်တွန်းထားသည်။

စစ်အုပ်စုက KK Park မှအကျိုးအမြတ်ကို ၎င်းတို့နှင့်တိုက်ပွဲဖြစ်နေသည့် ကေအဲန်ယူက ခံစားခွင့်ရနေကြောင်း စွပ်စွဲထားသည်။ အမေရိကန်နှင့်အီးယူထံမှ အဆိုပါ ရာဇဝတ်မှုများနှင့်ပတ်သက်ပြီး အရေးယူခံထားရသော BGF နှင့်မူ အပြန်အလှန်ဆက်ဆံရေးရှိနေသည်ဟု JFM အပါအဝင် ကရင်ပြည်နယ်အရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။