Home သတင်း အာရှလမ်းပြန်ဖွင့်မည့် သတင်းအပေါ် အခြေအမြစ်မရှိသည့် ကောလာဟလဟု ကေအဲန်ယူတုံ့ပြန်

အာရှလမ်းပြန်ဖွင့်မည့် သတင်းအပေါ် အခြေအမြစ်မရှိသည့် ကောလာဟလဟု ကေအဲန်ယူတုံ့ပြန်

838
Photo: CJ

အောက်တိုဘာ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို အောက်တိုဘာ(၁၆)ရက်နေ့မှ (၁၈)ရက်နေ့အတွင်း ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ထွက်ပေါ်နေသည့်သတင်းအပေါ် အခြေအမြစ်မရှိသည့် ကောလာဟလဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရ ပဒိုစောတောနီးက ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များနှင့်စစ်အုပ်စုတို့ တိုက်ပွဲဖြစ်ပွားရာမှ နှစ်နှင့်ချီပိတ်ထားရသည့် အာရှလမ်းသစ် ကုန်သွယ်ရေးလမ်းမကြီး ပြန်ဖွင့်တော့မည့်သတင်းများ ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်မီဒီယာပေါ်၌ တကျော့ပြန် ပျံ့နှံ့လျက်ရှိသည်။

ထိုသတင်းအပေါ် ပဒိုစောတောနီးက “အွန်လိုင်းပေါ်ပျံ့နေတာပဲ ကျနော်တို့တွေ့ရတယ်။ ဘာမှမသိရဘူး။ အာရှလမ်းမကြီး၊ သင်္ဃန်းညီနောင်ကို စကစ နေရာပြန်ယူပြီးနောက်ပိုင်း ဘယ်အဖွဲ့အစည်းမှ ကျနော်တို့ဆီချဉ်းကပ်လာတာမရှိဘူး။ အွန်လိုင်းမှာသာ ပလူပျံပြီးတော့ လမ်းဖွင့်မယ်ကြားနေတာ။ ဒါတွေက သက်သေအထောက်အထား မရှိဘဲ ရမ်းသမ်းပြီးတော့ ပြောနေတဲ့ဟာပဲရှိတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ကောလာဟလသတင်းများတွင် လမ်းဖွင့်ပွဲအခမ်းအနားနှင့်လုပ်မည့်ကိစ္စ၊ စစ်အုပ်စု၏ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ထိုင်းတာဝန်ရှိသူတို့လည်း တက်ရောက်မည့်အကြောင်းအရာများ ပါဝင်သည်။ လက်တွေ့၌ မည်သည့်အခမ်းအနားမှ ပြင်ဆင်နေခြင်းမရှိသေးကြောင်းလည်း နယ်စပ်သတင်းအရင်းအမြစ်နှင့် မြဝတီမြို့စစ်အုပ်စုအသိုင်းအဝိုင်းမှ သိရသည်။

“စကစက စက်တင်ဘာကတည်းက ယတြာသဘောနဲ့ ၉ ဂဏန်း၊ ၇ ဂဏန်း ကျတဲ့ရက်တွေမှာ လမ်းဖွင့်ဖို့လုပ်နေတာ။ အခု ၁၆ ရက်က‌နေ ၁၈ ရက်ထဲ ဖွင့်မယ်၊ ပရိတ်ရွတ်မယ်၊ ပြည်နယ်လူကြီး စောမြင့်ဦးလာမယ်၊ ထိုင်းဝန်ကြီးလာမယ် သတင်းကြားနေပေမယ့် အခုထိ အခမ်းအနားပြင်တာမျိုး မတွေ့ ရသေးဘူး “ဟု စစ်အုပ်စု ဌာနဆိုင်ရာနှင့် နီးစပ်သူက ပြောသည်။

ထို့အပြင် လမ်းပြန်ဖွင့်ရေးနှင့်စပ်လျဥ်းပြီး ထိုင်းနိုင်ငံဘက်က ကေအဲန်ယူသို့ ဘတ်ငွေသန်း ၈၀၀ ပေးထားကြောင်း အွန်လိုင်းဆယ်လီတချို့မှအစပြု၍ သတင်းထွက်ပေါ်နေသည်။ ထိုသတင်း မဟုတ်မှန်ကြောင်းကိုလည်း ထိုင်းနှင့်ဆက်ဆံရေးတာဝန်ယူထားရသည့် ပဒိုစောတောနီးက ငြင်းဆိုသည်။

Photo: CJ

“ဘတ်သန်း ၈၀၀ ကိစ္စတွေက ဘယ်ကထွက်လာတာလဲ။ သွားပုပ်လေလွင့်ပြောနေတာပါ။ အဲဒီလို လျှောက်ပြီးပြောနေတဲ့သူတွေကို ပြောချင်တာ၊ သူများပြောတာဟုတ်၊ မဟုတ် ဝေဖန်ပိုင်းခြားပါ။ ကေအဲန်ယူခေါင်းဆောင်တွေကို မတော်မတရားနဲ့စွပ်စွဲပုတ်ခတ်ပြောနေတာတွေက ကိုယ့်ကိုယ်ကိုယ်တောင်မသိဘဲ ရန်သူအတွက် အလုပ်လုပ်ပေးမိသလိုဖြစ်မယ်။” ဟု ၎င်းက ဖြည့်စွက်ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းကစပြီး KNLA မဟာမိတ်တပ်များ ပိတ်ဆို့ထားသည့် အာရှလမ်းမကြီးကို စစ်အုပ်စုက ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက် လမ်းပေါ်ရှိ ပျက်စီးနေသည့်လမ်း၊ တံတားအချို့ကို ပြင်ဆင်ခြင်း၊ ဘေလီတံတားထိုးခြင်းတို့ ပြုလုပ်နေကြောင်း မြဝတီကုန်သည်အရင်းအမြစ်က ဆိုသည်။

တဖက်တွင်လည်း မြဝတီ-ကော့ကရိတ်-ကျုံဒိုး အနီးဝန်းကျင်ရွာများသို့ စစ်ကြောင်းဆက်ထိုးနေ၍ မဟာမိတ်တပ်များနှင့် နှစ်ဖက်တိုက်ပွဲများ ဆက်ရှိနေသည်ဟု သိရသည်။

KNLA မဟာမိတ်တပ်ဖွဲ့ဝင် တစ်ဦးက ” ကော့ကရိတ်ပတ်ချာလည်ရွာတွေ၊ ကျုံဒိုးလမ်းဘေးရွာတွေမှာ စစ်ဆိုင် နေတုန်းပဲ။ ဒရုန်းတွေလက်နက်ကြီးတွေလည်း နေ့တိုင်းပစ်တယ်။ အာရှလမ်းမှာတော့ DKBA၊ BGFနဲ့ စကစတွေ သွားလာနေတာရှိတယ်။ အရပ်သား တော့ပေးသွားတာမျိုးမရှိသေးဘူး” ဟု ပြောသည်။

အာရှလမ်းပြန်ဖွင့်၊ မဖွင့်ကိုမူ စစ်အုပ်စုနှင့်ပူးပေါင်းထားသည့် ကရင့်လက်နက်ကိုင်အဖွဲ့များ၏ ဆက်ဆံ ရေးရုံးမှတာဝန်ရှိသူများ၊ မြဝတီစီးပွားရေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများထံ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားမှု မရှိပါ။

ယမန်နေ့(အောက်တိုဘာ ၁၅ ရက်)နေ့အထိ မြဝတီတောင်ပိုင်းအပါအဝင် ကော့ကရိတ်-ကျုုံဒိုးနှင့် တပ်မဟာ (၅)နယ်မြေ ဖာပွန်ဘက်တွင် KNLA မဟာမိတ်တပ်များ နှင့် စစ်အုပ်စု ပူး ပေါင်းစစ်ကြောင်းများ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်။