Home သတင်း လေးကေကော်မြို့သစ်တောင်ဘက် ရသေ့ဂူရွာအနီး တောင်ကြောတွေကို စစ်တပ်ဗုံးကြဲ

လေးကေကော်မြို့သစ်တောင်ဘက် ရသေ့ဂူရွာအနီး တောင်ကြောတွေကို စစ်တပ်ဗုံးကြဲ

441
Photo- CJ

အောက်တိုဘာ ၃၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့ နယ်၊ လေးကေကော်မြို့သစ် တောင်ဘက်ရှိ ရသေ့ဂူကျေးရွာတဝိုက်က တောင်ကြောနေရာ တွေကို စစ်အုပ်စု Y12 လေယာဉ် ဖြင့် အောက်တိုဘာ ၃၀ ရက်၊ နေ့လည် ၁၂ နာရီ ဝန်းကြင်က ဗုံးကြဲ တိုက်ခိုက်ခဲ့ သည်ဟု ဖလူးကျေးရွာအုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူ သတင်းအရင်းအမြစ်က ပြောသည်။

“အခုဖလူး ဘက် Y12 ပတ်ပျံ နေတယ်။ မကြဲ သေဘူး။ နှစ်ကြိမ်၊ သုံးကြိမ် လောက်တော့ ရသေ့ဂူဘက်ရဲ့ သူ့ အပေါ် တောင်ကြောဘက်၊ မယ်ဝါးခီးဘက်ကြဲချလို့ ပေါက်ကွဲတဲ့ အသံကြားရတယ်။ အခုဖလူးဘက်ကို ပတ်ဝဲ နေတယ်။ ကျနော် တို့ရွာသားတွေလည်းပုန်းကျင်းထဲရှောင်နေရတယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ ဗုံးကြဲနေခြင်းသည် ရသေ့ဂူကျေးရွာနှင့် ထီးမယ်ဝါးခီးကျေးရွာဘက်၊ ကျော်ဝါးဘိုး တောင်ကြော နေရာ ဘက်သို့ အောက်တိုဘာ ၂၀ ရက် နောက်ပိုင်းဆက်လက် ထိုးစစ်ဆင်နေသည့်စစ်အုပ်စု စစ်ကြောင်းများ မြေမြှုပ်မိုင်းပေါက်ကွဲ မှုကြောင့် ထိခိုက်ကျဆုံးနေခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

ထို့အပြင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- KNLA မဟာမိတ်တပ်များက ပျောက်ကျား တိုက်ခိုက်မှုကြောင့်ရှေ့ဆက်မတိုးနိုင်ဖြစ်နေသည့် အပေါ် လေကြောင်းစစ်ကူခေါ် ဗုံးကြဲခိုင်းခြင်းဖြစ်ကြောင်း KNLA မဟာမိတ်တပ်ဖွဲ့ ရှေ့တန်းသတင်းအရင်းအမြစ် က ယခုလို ပြောသည်။

Photo – CJ

” စစ်တပ်နဲ့ BGF တွေ ရသေ့ဂူနဲ့ ကျော်ဝါးဘိုးကုန်ဘက်မှာ မိုင်းစာမိ နေကြတာမနည်းဘူး။ သေတာလည်း ရှိတယ်။ BGF က ထိခိုက်တဲ့ စစ်မှု့ထမ်းစစ်သားသစ်နဲ့ တပ်သားတွေ မိုင်းထိတာကိုဖားအံ တောင်ကလေး ဆေးရုံကိုသယ်ပို့ နေတာတွေရှိတယ်။ ရှေ့တက်ဖို့လည်း ပျောက်ကျားတိုက်ခံနေရတော့ လေယာဉ်စစ်ကူ ခေါ်တာ Y12 လာကြဲ နေတာပေါ့နော်” ဟု ၎င်းက ပြောသည်။

ထိုသို့စစ်အုပ်စုကလေးကေကော်ဒေသအား ဆက်လက် တိုက်ခိုက် စစ်ဆင် နေမှုအပေါ် KNLA မဟာမိတ် တပ်များက ပျောက်ကျားဖြတ်တောက် တိုက်ခိုက်နေသည့်အတွက် စစ်အုပ်စုတပ်များ စစ်ကူအင်အား နေ့စဉ် ဖြည့်တင်းကာတိုက်ခိုက်ခြင်းနှင့် မစ်ဇိုင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ် တိုက်ခိုက်နေကြောင်း သိရသည်။

လတ်တလော မြဝတီ မြို့နယ် အတွင်းတွင် လေးကေကော်ဒေသ၊ ဝေါလေဒေသနှင့် အာရှလမ်း၊ ဒေါန တောင်လမ်းဟောင်းနေရာများဘက်တွင် KNLA မဟာမိတ်တပ်များနှင့် နေ့စဉ်ပစ်ခတ်တိုကိခိုက်မှု ဆက်ရှိနေ ကြောင်း သိရသည်။