အောက်တိုဘာ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့တောင်ဘက် ကျားဖြန့်ရုံများ နှိမ်နင်းခံရပြီးနောက် နယ်စပ်ဖြတ်ကျော်ထွက်ပြေးတိမ်းရှောင်ပြီး ထိုင်းနယ်စပ်တွင် သောင်တင်နေသော အိန္ဒိယနိုင်ငံသား ၅၀၀ ကျော်ကို ပြန်လည်ခေါ်ဆောင်ရန် နယူးဒေလီအစိုးရက မဲဆောက်ကို လေယာဉ်တစင်း စေလွှတ်မည်ဟု ထိုင်းဝန်ကြီးချုပ်က ယမန်နေ့ (အောက်တိုဘာလ ၂၉ ရက်နေ့) တွင် အသိပေးလိုက်သည်။
စစ်အုပ်စုနှင့် ပူးပေါင်းတပ်များသည် လွန်ခဲ့သော သီတင်းပတ်ကစ၍ KK Park နေရာများကို ဝင်ရောက်စီးနင်းမှုကြောင့် ယင်းနေရာအတွင်းက လူအများအပြားသည် နယ်စပ်မြို့များသို့ တိမ်းရှောင်ထွက်ပြေးခဲ့ကြခြင်းဖြစ်သည်။
ထိုအထဲမှာ နိုင်ငံပေါင်း ၂၈ နိုင်ငံ လူဦးရေ ၁၅၀၀ ကျော်ပါဝင်ပြီး နယ်စပ်ဖြတ်ကျော်လာသူများကို နယ်စပ်အနီး၌ စောင့်ရှောက်မှုများ ပြုလုပ်ပေးထားသည်ဟု ထိုင်းအစိုးရက ဆိုသည်။
ထိုင်း–မြန်မာနယ်စပ် ငွေလိမ်ဂိုဏ်းလုပ်ငန်းမှ တိမ်းရှောင်လာသော အိန္ဒိယနိုင်ငံသား ၅၀၀ကျော် ကို ပြန်လည်ခေါ်ဆောင်ရန်နှင့် ဥပဒေကြောင်းအရ စစ်ဆေးရေးလုပ်ငန်းကို အရှိန်မြှင့်ဆောင်ရွက်ရန် ထိုင်းလဝကအကြီးအကဲနှင့် ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်တို့ တွေ့ဆုံရန်ရှိနေသည်ဟု ထိုင်းပြည်ထဲရေးဝန်ကြီးလည်းဖြစ်သော ထိုင်းဝန်ကြီးချုပ် မစ္စတာ အနုတင်က ပြောသည်။
“အိန္ဒိယအနေနဲ့တော့ ဒီကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့ (ထိုင်းနိုင်ငံ) အပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်တဲ့အတွက် ပူးပေါင်းဆောင်ရွက်ပေးဖို့ တောင်းဆိုတာရှိတယ်။ သူတို့က ဒီလူတွေကို ခေါ်ဆောင်ဖို့ လေယာဉ်တစင်း စေလွှတ်ဖို့ရှိတယ်။ မဲဆောက်ကို တိုက်ရိုက်ဆင်းသက်လာမှာပါ” ဟု မစ္စတာ အနုတင်က ဘန်ကောက်ပို့စ် သတင်းတွင် ပြောဆိုထားသည်။
ယခုနှစ်အစောပိုင်း ထိုင်း–မြန်မာနယ်စပ်က ကျားဖြန့်ရုံများ စီးနင်းမှုများအတွင်းကလည်း အိန္ဒိယအစိုးရက နယ်စပ်ကို လေယာဉ်ပို့လွှတ်ပြီး ယင်းနိုင်ငံသားများကို ပြည်တော်ပြန်ရေး လုပ်ဆောင်ခဲ့သေးသည်။
တရုတ်ရာဇဝတ်ဂိုဏ်းများ လည်ပတ်နေသော မြဝတီတောင်ပိုင်းရှိ KK Park နှင့် တခြား နီးစပ်ရာနေရာများရှိ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ အွန်လိုင်း ငွေလိပ်လုပ်ငန်းများအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် သံအမတ်များက အာရုံကျနေကြသည်။
ထိုင်းနိုင်ငံ၊ မြန်မာနှင့် လာအိုနိုင်ငံများအကြား အွန်လိုင်းငွေလိမ်လုပ်ငန်းများသည် ၂၀၁၉ ခုနှစ် ကိုဗစ်ရောဂါ ဖြစ်ပွားချိန်မှစ၍ မြင့်တက်လာလျက်ရှိသည်ဟု နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့များက ပြောဆိုသည်။ ၎င်းနေရာများတွင် လူဦးရေ သောင်းနှင့်ချီကို လူကုန်ကူးထားသလို ဒေါ်လာငွေ ဘီလီယံနှင့်ချီ လည်ပတ်နေသည်ဟု ဆိုသည်။
ကိုးကား-ဘန်ကောက်ပို့စ်



















