Home သတင်း ရေးမြို့နယ် တိုက်ပွဲတွင် စစ်အုပ်စုဘက်မှ အရာရှိအပါအဝင် ၁၂ ဦးသေဆုံး

ရေးမြို့နယ် တိုက်ပွဲတွင် စစ်အုပ်စုဘက်မှ အရာရှိအပါအဝင် ၁၂ ဦးသေဆုံး

625
Photo: MSRF

အောက်တိုဘာ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ရေးမြို့နယ် ကနင်ကမော့ရွာအနီးတွင် ယခုလ အောက်တိုဘာ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် မွန်ပြည်တော်လှန်ရေး ပူးပေါင်းတပ်နှင့် အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲတွင် စစ်အုပ်စုဘက်မှ အရာရှိ (၂) ဦးအပါအဝင် (၁၂)ဦး သေဆုံးခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ယနေ့ သတင်းထုတ်ပြန်ထားသည်။

ရေးမြို့နယ် ကနင်ကမော့၊ ဘေးလမိုင်း၊ လိမ္မော်ခြံ၊ အောင်သာယာနှင့် အေးကမ္ဘာ‌ စသည့် ‌ကျေးရွာများသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော အာဏာသိမ်းစစ်တပ်နှင့် မွန်၊ ကရင်၊ ထားဝယ်တော်လှန်ရေးအင်အားစုများ ပူးပေါင်းပါဝင်သော တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့သည် အောက်တိုဘာလ (၁၀) ရက်နေ့ နံနက် ၇ နာရီခန့်တွင် တစ်ကြိမ်၊ ညနေ ၄ နာရီ ခန့်တွင် တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု မွန်တော်လှန်ရေးတပ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အောက်တိုဘာလ (၁၁) ရက်နှင့် (၁၂) ရက်နေ့တွင်လည်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ဒရုန်းဗုံးသီး ၂ လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ၊ ၃၀ မိနစ်ခန့်ကြာ နှစ်ဖက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်နှင့် ဗိုလ်ကြီးအဆင့် အရာရှိ အပါအဝင် တပ်သား( ၁၂) ဦးတို့ သေဆုံး ခဲ့ပြီး (၁၀) ဦး ထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု MSRF က ပြောသည်။ တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များအနေဖြင့် အောင်မြင်စွာ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ဆိုသည်။

အဆိုပါ စစ်ဆင်ရေးတွင် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များတွင် မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရာမညမွန်တပ်‌တော် (RMA)၊ KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁)၊ ဗျူဟာ (၃၃) ဒေါနချေမှုန်းရေးတပ်ခွဲနှင့် တပင်ရွှေထီးတပ်တို့ ပူးပေါင်းတပ်ဖွဲ့ဝင်များ ပါဝင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

လက်ရှိတွင် ရေးမြောက်ပိုင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးလာသော အာဏာသိမ်း စစ်အုပ်စု၏ တပ်များ ပြန်လည်နောက်ဆုတ်ခြင်းမရှိသေးသည့်အတွက် ၎င်းဒေသအတွင်း စစ်ရေးတင်း မာလျက်ရှိသည်ဟု ဒေသတွင်းသတင်းဖော်ပြချက်အရ သိရသည်။

အလားတူ လောင်းလုံးမြို့တွင်လည်း ယခုလို စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်တပ်နှင့် ဒေသ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့၍ အနီးပတ်ဝန်းကျင်ရှိ ဒေသခံများအနေဖြင့် စစ်ဘေးတိမ်းရှောင်နေကြရကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

စစ်အုပ်စုတပ်သည် ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ များတွင် စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကို နေ့စဉ်နှင့် အမျှ လုပ်ဆောင်လာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်များအရ သိရသည်။