အောက်တိုဘာ ၃၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
အရပ်သားအစိုးရ-NLD လက်ထက်က တင်ဒါအောင်ပြီး ဆောက်လုပ်ရေးစခဲ့သည့် ကရင်ပြည်နယ်၊ ဖားအံမြို့ပြစီမံကိန်းအတွင်းရှိ ဈေးဝယ်စင်တာ ဇွဲကပင်ပလာဇာအား မြေညီ ထပ်ဆိုင်ခန်းဆောက်လုပ်မှုသာပြီးသေးသော်လည်း ယနေ့(အောက်တိုဘာ ၃၁)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း ဖားအံမြို့သတင်းအရင်းအမြစ်မှ သိရသည်။
ဇွဲကပင်ပလာဇာကို နိုင်ငံတကာအဆင့်မီ ဈေးဝယ်စင်တာအနေဖြင့် ဆောက်လုပ်သွားရန်နှင့်စင်တာအတွင်း ကလေးကစားကွင်းများ၊ ရုပ်ရှင်ရုံ၊ စားသောက်ဆိုင်၊ စည်းဝေးခန်းမများ အထိ ထည့်သွင်းဆောက်လုပ်ရန် စီစဥ်ခဲ့သော်လည်း စစ်အုပ်စုအာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်ကြာ ရပ်တန့်နေခြင်းဖြစ်သည်။
ပြန်လည်ပြင်ဆင်ပြီးနောက် မြေညီထပ်တစ်ထပ်သာ အပြီးသတ်နိုင်သေးသော ဇွဲကပင်ပလာဇာ အချိန်မီဖွင့်လှစ်နိုင်ရေး ငွေသွင်းပြီးသောဆိုင်ခန်းပိုင်ရှင်များကိုလည်း ညွှန်ကြားချက်တစ်ချို့ပေးခဲ့သည်ဟု နီးစပ်သည့်မြို့ခံတစ်ဦးက ပြောသည်။
“ပြည်နယ်ပွဲမတိုင်ခင် အပြီးလုပ်မယ်ဆိုပြီး ပိုက်ဆံထည့်ထားတဲ့ဆိုင်ခန်းပိုင်ရှင်တွေ အကုန်လုံး ကိုမဖြစ်မနေဖွင့်ခိုင်းတာ။ မဖွင့်နိုင်ရင် အငှားချဆိုပြီးပြောတယ်။ မဖွင့်ရင်ဘာလုပ်မလဲဆိုတော့ အပေါ်ထပ်ကိုဆက်မဆောက်ပေးနိုင်ဘူးပေါ့၊ အဲဒီလိုပြောတယ်” ဟု ဆိုင်ခန်းပိုင်ရှင်နှင့်နီးစပ်သူ အမျိုးသမီးက ပြောသည်။
ယခင်အစိုးရလက်ထက်က စီစဥ်ခဲ့သည့် မြို့ပြစီမံကိန်းအတွင်း ဈေးဝယ်စင်တာအပါအဝင် ကေဘယ်ကား၊ မြို့ပြအိမ်ယာနှင့် ကမ်းနားလမ်းစီမံကိန်းများပါရှိသည်ဟု သိရသည်။ အာဏာသိမ်းကာလအတွင်း အကောင်အထည်ဖော်မူ ရပ်ဆိုင်းနေသော်လည်း စစ်အုပ်စုထောက်ခံသည့် ကုမ္ပဏီများနှင့်မူ လုပ်ငန်းသစ်များဆက်လုပ်နေကြသည်ဟု ဖားအံမြို့ခံအသိုင်းအဝိုင်းက ဖွင့်ဟပြောဆိုဖူးသည်။
ထိုစဥ်က လုပ်လက်စ အဆောက်အဦးများကို စစ်အုပ်စုက အပြီးသတ်လုပ်ကွက်ပြ၍ ဖွင့်ပွဲလုပ်ကြသည်ဟု ဆိုကြပြီး ယခု ၂၀၂၅ ခုနှစ် လာမည့် ဒီဇင်ဘာလတွင်လည်း စစ်အုပ်စုဦးဆောင်ပြုလုပ်မည့် ရွေးကောက်ပွဲ ရှိနေသည်။

ဆောက်လုပ်မပြီးစီးသေးသည့် ဇွဲကပင်ပလာဇာ ဖွင့်လှစ်ရာတွင် စစ်အုပ်စုလက်ထက် နိုင်ငံရေးမတည်မငြိမ်ဖြစ်နေသည့်ကာလအပါအဝင် အကြောင်းအမျိုးမျိုးဖြင့် စိုးရိမ်မှုရှိနေသည်ဟု မြို့ခံ ဆိုင်ခန်းလက်ဝယ်ပိုင်ဆိုင်ထားသူ အချို့က ဆိုသည်။
ဖားအံမြို့ခံတစ်ဦးက “တချို့တွေကတော့ စကစ လက်ထက်ဖွင့်ရမှာဆိုတော့ မဖွင့်ရဲတာနဲ့ အဆောက်အဦးမခိုင်မှာစိုးလို့ မဖွင့်တာနဲ့ မရောင်းရမှာစိုးတာနဲ့စိုးရိမ်နေတဲ့သူတွေလည်း ရှိတယ်။ မဖွင့်မနေရဆိုတော့လည်း တချို့က တစ်လဘယ်လောက်ဆိုပြီး အငှားပဲပြန်ချထားတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
စင်တာတည်ဆောက်ရန်အတွက် ၂၀၁၈ ခုနှစ် ဇွန်လက တင်ဒါအောင်မြင်ထားသည့် UHM Development Co.Ltd က တာဝန်ယူထားခြင်းဖြစ်သည်။ ဖားအံမြို့၊ အမှတ် ၉ ရပ်ကွက်ရှိ စုပေါင်းမြေဧရိယာ ၃ ဒသမ ၃၃၄ ဧကရှိသော ကားဝင်း ဟောင်းတွင် ၂ နှစ် ၃ လအတွင်း အပြီးတည်ဆောက်သွားရမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့နှင့် သဘောတူညီထားသည်။
ထို့အပြင် ကရင်ပြည်နယ်အတွင်း ပထမဆုံးသော ဈေးဝယ်စင်တာ တစ်ခုဖြစ်လာရန် ရည်ရွယ်ထားသော ဇွဲကပင်ပလာဇာမှ ရရှိမည့် အကျိုးအမြတ်ကို ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ပြန်လည်လုပ်ဆောင် သွားမည် ဖြစ်ကြောင်းလည်း အစိုးရတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုဖူးသည်။
ယနေ့အထိ အပြီးမသတ်နိုင်သော ဇွဲကပင်ပလာဇာအဆင့်မြင့်ဈေး (မြေညီထပ်) ဖွင့်လှစ်ပွဲသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် စောမြင့်ဦးနှင့်တကွ စစ်အုပ်စုလက်အောက်ရှိ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း ရွှေဖားစည်အိမ်ခြံမြေ ဇွဲကပင်ပလာဇာ၏ လူမှုကွန်ရက်စာမျက်နှာမှ သိရသည်။



















