အောက်တိုဘာ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဥက္ကဋ္ဌဟောင်း စောမူးတူးစေးဖိုးက လက်တွေ့ကျ သည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုအပြန်အလှန်တည်ဆောက်ရန်လိုကြောင်း နေပြည်တော်တွင် ပြုလုပ်နေသည့် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်-NCA ဆယ်နှစ်ပြည့် ပွဲတက် မိန့်ခွန်းအတွင်း တိုက်တွန်း လိုက်သည်။
အိန္ဒိယ၊ တရုတ်နှင့်ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့များ၊ လက်မှတ်မထိုးရသေးသည့် အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် စစ်အုပ်စုခေါင်းဆောင်၊ အဖွဲ့ဝင်များ တက်ရောက်ပါဝင်ကြသည့် NCA ဆယ်နှစ်ပြည့်ပွဲကို ယနေ့(အောက်တိုဘာ ၁၅ရက်)မှစ၍ ကျင်းပနေခြင်းဖြစ်သည်။
အခမ်းအနားတွင် ၂၀၁၅ ခုနှစ်မတိုင်ခင်ကတည်းက အချိန်ယူ၊ အပြန်အလှန်နားလည်ယုံကြည်မှုယူ တည် ဆောက်ခဲ့ရသည့် NCA လုပ်ငန်းစဥ်ကို ဆက်လက်လုပ်ဆောင်ရန် သက်ဆိုင်သူတို့အနေဖြင့် ယုံကြည်မှု အပြန်အလှန်တည်ဆောက်ခြင်းဖြင့် ငြိမ်းချမ်းရေးအတွက် အားထုတ်ရန်လိုသည်ဟု ကေအဲန်ယူ ဥက္ကဌဟောင်း စောမူတူးစေးဖိုး မိန့်ခွန်းတွင် တိုက်တွန်းပြောကြားခဲ့သည်။
“နားလည်ယုံကြည်မှုတည်ဆောက်နိုင်သေးလားဆိုတာကတော့ သက်ဆိုင်သူတွေရဲ့လက်ထဲမှာရှိပါတယ်။ ငြိမ်းချမ်းရေးဆိုတာ စာချုပ်လက်မှတ်ထိုးရုံပဲ မဟုတ်ပါဘူး။ NCA ကိုအခြေခံတဲ့ညှိနှိုင်းဆွေးနွေးမှုတွေ ပြန်လည် စတင်ပြီး ပြည်သူအတွက် ငြိမ်းချမ်းရေးအမြန်ရအောင် အားထုတ်ဖို့လိုပါတယ်။” ဟု စောမူးတူးစေးဖိုးက ပြောသည်။
၎င်းအနေဖြင့်လည်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာတွင် ပြုလုပ်မည့် ပါတီစုံအထွေထွေဒီမိုကရေစီရွေးကောက်ပွဲအား နိုင်ငံရေးအလှည့်အပြောင်းအဖြစ် ရှုမြင်ပြီး ရွေးကောက်ပွဲအကြိုကာလဖြစ်စေ၊ အလွန်ကာလ ဖြစ်စေ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေးကို မျှော်လင့်ကြောင်း ထည့်သွင်းပြောဆိုသည်။
တဖက်တွင်လည်း ကနဦး အခမ်းအနားမိန့်ခွန်းပြောသည့် အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ငြိမ်းချမ်း ရေးတွင် ပါဝင်ပတ်သက်သူများအနေဖြင့် တိုင်းရင်းသားပြည်သူအကျိုး၊ နိုင်ငံ့အကျိုးမျှော်ကိုးပြီး ပျက်စီးဒုက္ခရောက်အောင် မလုပ်ဆောင်ရန်နှင့် ၎င်းတို့နှင့်ပူးပေါင်းဆောင်ရွက်ကြရန် ဟု ဆိုသည်။
စစ်ခေါင်းဆောင်က “ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဖို့ဆိုတာ နောက်တောင်ကျနေပြီ။ ကျနော်တို့ တာဝန်ယူတဲ့ကာလမှာလည်း တပ်မတော်နဲ့မို့လို့ ဆွေးနွေးရေးမလုပ်နိုင်ဘူးဆိုပြီး ပြောကြတယ်။ ဒါကြောင့်ဒီမှာ လက်မှတ်ထိုးထားတယ်။ ကျနော်တို့ပေးထားတဲ့ကတိကို ကျနော်တို့မဖြတ်ဘူး။ သက်ဆိုင်သူများကလည်း ပြည်ထောင်စုအကျိုး၊ တိုင်းရင်းသားပြည်သူအကျိုးကြည့်ပြီး ပျက်စီးဒုက္ခရောက်အောင် မလုပ်ကြဖို့ ပြောချင်တယ်” ဟု ပြောသည်။

သို့သော် စစ်အုပ်စုကိုပြန်တိုက်နေသည့် ကေအဲန်ယူ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်များက စစ်အုပ်စု သည် NCA စာချုပ်ပါကျင့်ဝတ်များကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့သဖြင့် ၎င်းတို့ကိုယ်တိုင် NCA ကို ဖျက်ဆီးပစ်လိုက်ရာ ရောက်သည်ဟု အောက်တိုဘာ (၁၃) ရက်နေ့က ကြေညာချက်ထုတ်ထားသည်။ ထို့အပြင် လက်ရှိတွင်လည်း ပြည်သူများကို အင်အားသုံးဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်နေသည်ဟု ဆိုသည်။
ဆယ်နှစ်ပြည့် NCA ပွဲသို့ ကရင်လူထုကိုယ်စားပြု ကေအဲန်ယူ ကိုယ်စားလှယ် မတက်ရောက်သော်လည်း မိန့်ခွန်းပြောကြားရန်ဖိတ်ခေါ်ရာ၌ တာဝန်မှအနားယူပြီးသော စောမူတူးစေးဖိုးအား စစ်အုပ်စုက ကရင်တိုင်းရင်းသားခေါင်းဆောင်အဖြစ် ဖော်ပြပြောဆိုသွားသည်။
ကေအဲန်ယူဘက်ကမူ အဖွဲ့ဝင်ဖြစ်နေဆဲ စောမူတူးစေးဖိုးအပါအဝင် ဒူးပလာယာခရိုင်ဥက္ကဌ ဟောင်း ပဒိုစောရွှေမောင်းလည်း ပါဝင်တက်ရောက်လာသည့် NCA ဆယ်နှစ်ပြည့်ပွဲကို လက်ခံယုံကြည်မှုမရှိကြသလို ပွဲတက်သွားသူများကိုလည်း အဖွဲ့ကိုယ်စားပြုမဟုတ်ဟု ရှင်းလင်းထားပြီးဖြစ်သည်။
“ဒီလူတွေကတော့ သူတို့ယုံကြည်ချက်နဲ့သွားတာ၊ နိုင်ငံရေးယုံကြည်ချက်အရတော့ မဟုတ်ဘူးလို့မြင်တယ်။ တချို့ ကလည်း စစ်ကောင်စီကစိတ်ကောင်းစေတနာရှိမယ်။ လိုချင်တဲ့ငြိမ်းချမ်းရေးရမယ်ဆိုပြီး သွားတာရှိမယ်။ တကယ်တော့ စစ်ကောင်စီပြောတဲ့ NCA ဆိုတာ အတုအယောင်ပါပဲ” ဟု ကေအဲန်ယူ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက မှတ်ချက်ပြုသည်။
၂၀၂၁ ခုနှစ်နောက်ပိုင်း အာဏာသိမ်းစစ်အုပ်စုနှင့် တော်လှန်ရေးအင်အားစုများ အပြန်အလှန်တိုက်ပွဲများ ဖြစ်ပွား ခဲ့သည်။ ထိုကာလတွင် သဘာဝဘေးကြောင့် စစ်တပ်က ယာယီအပစ်ရပ်စဲမှု ရှိခဲ့သော်လည်း ဘေး သင့်နေ ရာများသာမက တိုက်ပွဲမရှိသည့်အရပ်တွင်ပါ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်ဟု နိုင်ငံရေးစောင့်ကြည့်လေ့လာသူများနှင့် တော်လှန်ရေးအင်အားစုများက ထောက်ပြကြသည်။
မွန်ပြည်ကာကွယ်ရေးတပ်-MSDF ၏ စစ်ဦးစီးချုပ် ဒေါက်တာသီရိမွန်ချမ်းကလ်း “အာဏာသိမ်းပြီးကတည်းက NCA နဲ့သွေဖယ်ပြီး အပြစ်မဲ့ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်တာ၊ အခုထိလည်းလုပ်နေတုန်းပဲ။ ဒါကြောင့် စကစ ပြောတဲ့ NCA ဆိုတာ အဓိပ္ပါယ်နဲ့အနှစ်သာရမရှိတော့တဲ့ NCA လို့ပြောချင်တယ်။ တကယ်တမ်း တိုင်းပြည် ငြိမ်းချမ်းချင်ရင် NUG အပါအဝင် PDF၊ တိုင်းရင်းသားလက်နက်ကိုင်တွေပါဝင်တဲ့ ငြိမ်းချမ်းရေး ကတိကဝတ်တစ်ခုလုပ်မှာသာ အဓိပ္ပါယ်ရှိလာနိုင်မှာပါ” ဟု ပြောသည်။
ဒီဇင်ဘာတွင်လုပ်မည့် ရွေးကောက်ပွဲအပြီး ငြိမ်းချမ်းရေးစကားပြောရန် စစ်အုပ်စုက မျှော်လင့်နေသော်လည်း တိုင်းရင်းသား မဟာမိတ်အင်အားစုများကမူ စစ်အာဏာရှင်သက်ဆိုးရှည်ရေး ရွေးကောက်ပွဲရ လဒ်ကိုအယုံအကြည်မရှိသလို နိုင်ငံရေးမှ စစ်တပ်အပြီးပိုင်ဆုတ်ခွာရေးကိုသာ လက်ခံထားကြသည်။



















