Home ဆောင်းပါး ကေအိုင်စီ သတင်းဌာန (၂၈) နှစ်မြောက်မွေးနေ့နဲ့ ယနေ့သတင်းမီဒီယာကဏ္ဌ

ကေအိုင်စီ သတင်းဌာန (၂၈) နှစ်မြောက်မွေးနေ့နဲ့ ယနေ့သတင်းမီဒီယာကဏ္ဌ

467

ကေအိုင်စီ သတင်းဌာန (၂၈) နှစ်မြောက်မွေးနေ့နဲ့ ယနေ့သတင်းမီဒီယာကဏ္ဌ

မောင်ကျော်စွာ

(၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်)

ကေအိုင်စီ သတင်းဌာနရဲ့ (၂၈)နှစ်မြောက် မွေးနေ့ပွဲ အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲမှာ အောက်ပါခေါင်း စဉ်တွေကို ပါဝင်တက်ရောက်သူတွေက ရှုထောင့်အသီးသီးကနေ ပါဝင်ဆွေးနွေးကြပါတယ်။

မီဒီယာလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာတွေရဲ့ အရေးပါမှု
သတင်းမီဒီယာသမားတွေရဲ့ ဘေးကင်းလုံခြုံမှု
နိုင်ငံရေး၊ တော်လှန်ရေးနှင့် သတင်းမီဒီယာကဏ္ဍ

မီဒီယာတွေ ရေရှည်ရပ်တည်ရေး
ခေါင်းစဉ်တွေက အင်မတန် စိတ်ဝင်စားစရာဖြစ်ပြီး ပါဝင်ဆွေးနွေးကြသူတွေကလည်း သူတို့လက်တွေ့ ဖြတ် သန်းမှုတွေနဲ့ နှိုင်းယှဉ်ပြီးဆွေးနွေးတင်ပြတာမို့ စဉ်းစားချင့်ချိန်စရာတွေ ကျနော့်အတွေးထဲမှာ များစွာပေါ်ပေါက်လာပါ တယ်။ အခြားသူတွေမှာလည်း အဲဒီလို စဉ်းစားစရာတွေ ပေါ်လာကြလိမ့်မယ်လို့ ကျနော်ထင်မြင် ယူဆမိပါတယ်။ တကယ်တော့ ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး ပါဝင်ကြသူတွေဟာ အတွေ့အကြုံနဲ့ အတွေးအမြင်တွေကို ကျယ်ကျယ်ပြန့်ပြန့် အပြန်အလှန် ဖလှယ်ကြဖို့ဖြစ်ပေမယ့် “အချိန်” ဆိုတဲ့ အကန့်အသတ်ကြောင့် ဆွေးနွေးချင်သ လောက် မဆွေးနွေးခဲ့ကြရပါဘူး။

ကျနော့်အနေနဲ့လည်း ပါဝင်တက်ရောက်လာသူတွေရဲ့ ဆွေးနွေးမှုတွေကို စူးစူးစိုက်စိုက် နားထောင်ခဲ့ပြီး သတင်းမီဒီယာတွေဟာ သတင်းမီဒီယာရဲ့ မူလတာဝန်ကို ပီပီပြင်ပြင် ထမ်းဆောင်ကြဖို့ပဲ မေတ္တာရပ်ခံ ဆွေးနွေးပန် ကြားခဲ့ပါတယ်။

သတင်းမီဒီယာတွေဟာ သတင်းမီဒီယာအလုပ်ကို ဘယ်လို ပီပီပြင်ပြင်ထမ်းဆောင်ကြရမလဲ။ ဘယ်လိုလုပ် သင့်သလဲ။

ပထမဆုံးအချက်က ခိုင်လုံတဲ့ သတင်းအချက်အလက်တွေကို အများပြည်သူထံ မှန်မှန်တင်ပြနေဖို့ပါပဲ။ အဲဒီ ပထမအချက်နဲ့ ဆက်နွယ်နေတဲ့ မခိုင်လုံတဲ့ သို့လောလော ဝိဝါဒပွားစရာ ကောလဟလဆန်တဲ့ အချက်အလက်တွေကို အများပြည်သူထံ မဖြန့်ဖြူးမိစေဖို့ လိုအပ်ပါတယ်။

ဒုတိယအချက်က လူမျိုးရေး – ဘာသာရေး – အသားအရောင် – ကျား/မ စတဲ့ ပုံစံ အမျိုးမျိုးနဲ့ ချိုးနှိမ် ခွဲခြား ပုတ်ခတ်စော်ကားတဲ့ သဘောမျိုးသက်ရောက်သွားစေမယ့် အချက်အလက်မျိုးတွေ၊ အရေးအသား အသုံးအနှုန်းမျိုး တွေ မဖြန့်ဖြူးမိစေဖို့၊ ပါဝင်မသွားစေဖို့ ဂရုပြုဖို့ လိုအပ်ပါတယ်။

တတိယအချက်က သဘာဝဘေးအန္တရာယ်၊ ကပ်ရောဂါ အစရှိတဲ့ ရှောင်တခင် ပေါ်ပေါက်တတ်တဲ့ အန္တရာယ် တွေနဲ့ပတ်သက်လာရင် စောစောစီးစီး ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးနိုင်ဖို့ လိုအပ်ပါတယ်။

စတုတ္ထအချက်က သတင်းမီဒီယာတွေနဲ့ သတင်းမီဒီယာသမားတွေဟာ မိမိတို့သတင်းဌာနရဲ့ ပေါ်လစီ၊ စည်း ကမ်းနဲ့ သတင်းပညာဆိုင်ရာ ကျင့်ဝတ်တွေကို လေးစားလိုက်နာဖို့အပြင် မိမိသွားရောက်သတင်းယူမယ့် နယ်မြေဒေသ ရဲ့ ဓလေ့ထုံးစံနဲ့ စည်းကမ်းဥပဒေများကိုလည်း လေးစားလိုက်နာဖို့ လိုအပ်ပါတယ်။

ပဉ္စမအချက်က အများပြည်သူ စိတ်ဝင်စားစေဖို့ မိမိတို့သတင်းဌာနရဲ့ သတင်းဖတ်ကြား ရေးသား တင်ပြပုံကို အခြေအနေ အချိန်အခါနဲ့ လိုက်လျောညီစွာ ပြောင်းလဲဆန်းသစ်နေစေရန် တီထွင်ဖန်တီးတတ်ဖို့၊ ကိုယ်အမူအရာ နှုတ်အမူအရာ ယဉ်ကျေးပြီး သွက်လက်တဲ့ တင်ဆက်မှုမျိုးကို မိမိတို့သတင်းဌာနရဲ့ ကိုယ်ပိုင်အမှတ်အသားသဖွယ် ဖြစ်လာစေဖို့ လိုအပ်ပါတယ်။

ဆဌမ အချက်ကတော့ သတင်းမီဒီယာတွေဟာ မိမိတို့တင်ပြတဲ့ သတင်းတွေ၊ သတင်းဆောင်းပါးတွေ၊ သတင်းသုံးသပ်ချက်တွေကနေတစ်ဆင့် အများပြည်သူကို ဦးဆောင်ရမှာပါ။ ဘယ်လိုသတင်းမီဒီယာလဲ ဆိုတာကို ဘယ်လိုသတင်းတွေကို ဘယ်လိုသဘောထားအမြင်နဲ့ တင်ဆက်နေသလဲ ဆိုတဲ့အချက်ကပဲ အထင်အရှား အဆုံးအ ဖြတ်ပေးပါတယ်။ ကိုယ့်သတင်းဌာနဟာ ဘယ်လိုသတင်းဌာနဖြစ်ပါတယ်လို့ ဘယ်လိုပဲ အော်နေပါစေ။ လက်တွေ့ ဖော်ပြနေတဲ့ သတင်းတွေရဲ့အရည်အသွေး – သတင်းဆောင်းပါး သတင်းသုံးသပ်ချက်တွေရဲ့ ယထဘူတ ကျမှုတွေကပဲ မိမိသတင်းဌာနရဲ့ ပုံရိပ်ကို အထင်အရှား ဖော်ပြပေးနေမှာပဲ ဖြစ်ပါတယ်။

လူတစ်ဦးတစ်ယောက်တစ်ချင်းဖြစ်စေ၊ သတင်းမီဒီယာဌာနတစ်ခုပဲဖြစ်စေ မိမိနှစ်သက်ရာ၊ ယုံကြည်ရာ နိုင်ငံ ရေးအယူအဆ၊ ဝါဒ၊ သဘောတရား၊ လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ ယဉ်ကျေးမှုနဲ့ဓလေ့ထုံးစံ၊ ဘာသာစကား စတဲ့ အကြောင်းအရာ၊ ပညာရပ်၊ ဘာသာရပ်တစ်ခုခုကို ထွန်းကားကျယ်ပြန့်လာအောင် အများပြည်သူစိတ်ဝင်စားလာ အောင် ရွေးချယ် ဆုံးဖြတ် လုပ်ဆောင်ခွင့် အပြည့်အဝ ရှိကြပါတယ်။

ဒီလိုအပြည့်အဝရှိတာကြောင့် “တော်လှန်မီဒီယာ” – “မီဒီယာဟာ ဘက်လိုက်ရမယ် ဘက်ရှိရမယ်” စတဲ့ “ဝိသေသ”ကြောင့် မီဒီယာပညာရဲ့ ကျင့်ဝတ်နဲ့စံနှုန်းတွေကို မလျော်မကန် လုပ်လို့တော့မဖြစ်ပါဘူး။ ရန်စွယ်ငေါငေါနဲ့ နင်ပဲငဆတွေ ပြောဆိုရေးသားဖြန့်ဖြူးနေလို့ မဖြစ်ပါဘူး။
ဒါ့အပြင် “တော်လှန်မီဒီယာလား” – “မီဒီယာဟာ ဘက်ရှိရမယ်/ ဘက်လိုက်ရမယ်”ဆိုတဲ့ အချက်ကလည်း သက်ဆိုင်ရာ သတင်းမီဒီယာဌာနရဲ့ လက်တွေ့ချမှတ်ကိုင်စွဲထားတဲ့ ပေါ်လစီတွေအပေါ်မှာပဲ လုံးလုံးလျားလျား မူတည် နေပါတယ်။ သတင်းတွေကို စိစစ်ရွေးချယ်တာ၊ တည်းဖြတ်တာ၊ ဘယ်သတင်းအပေါ် ဘယ်လိုသဘောထားမယ်ဆို တာ စတဲ့ကိစ္စတွေကို သက်ဆိုင်ရာသတင်းဌာနရဲ့ လက်တွေ့ပေါ်လစီတွေက တိုက်ရိုက်အဆုံးအဖြတ်ပေးပါတယ်။

အယ်ဒီတာအဖွဲ့ရဲ့ “တည်းဖြတ်ရေးလုပ်ငန်း” ဆိုတာဟာ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ သူတို့ရဲ့ သတင်းထောက် တွေထံကနေ နေ့စဉ်ပေးပို့လာတဲ့ သတင်းတွေ၊ သတင်းဆောင်းပါးတွေကို အဲဒီပေါ်လစီတွေ စည်းမျဉ်းစည်းကမ်းတွေ နဲ့အညီ ရွေးချယ်စိစစ်တာကို ခေါ်တာပါ။

ဒီတော့ ဘယ်လို သတင်းမီဒီယာလဲ ဆိုတဲ့ မေးခွန်းရဲ့အဖြေကို တိုက်ရိုက်ပေးနိုင်တာကတော့ ဘယ်လိုသတင်း တွေကို ရွေးချယ်သလဲ၊ အဲဒီသတင်းတွေအပေါ် အဲဒီဖြစ်ရပ်တွေအပေါ် ဘယ်လိုသဘောထားသလဲ ဆိုတဲ့အချက်က အဖြေပေးတာပါပဲ။

နောက်ဆုံးတစ်ခုကတော့ သတင်းမီဒီယာဟာ ဘယ်လိုရန်ပုံငွေနဲ့ တည်ထောင်ရပ်တည်နေသလဲ ဆိုတဲ့အချက် ပါပဲ။ ဒီအချက်ကတော့ ဘယ်လို သတင်းမီဒီယာလဲ – ဘယ်ဘက်က သတင်းမီဒီယာလဲ ဆိုတဲ့အချက်ကို အထင်အရှား သိနိုင်တဲ့ အချက်တစ်ခုပါပဲ။ ဒါကြောင့် တကယ်လွတ်လပ်တဲ့ မီဒီယာဖြစ်လိုလျှင် သူတစ်ပါးထံက အမှီအခိုနဲ့ အထောက်အပံ့ ကင်းရှင်းပြီး ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်တည်နိုင်ဖို့ ကိုယ့်နှာခေါင်းနဲ့ကိုယ် အသက်ရှူနိုင်ဖို့ သိပ် အရေးကြီးပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ အဲဒီမီဒီယာဟာ မြန်မြန် ဇီဝိန်ချုပ်သွားနိုင်ပါတယ်။

တကယ်တော့ “သတင်းမီဒီယာလွတ်လပ်ခွင့်”တို့ “အနုပညာလွတ်လပ်ခွင့်”တို့ဆိုတာ “နိုင်ငံရေးပြဿနာ – ဒီမို ကရေစီ ပြဿနာ – တန်းတူရေးပြဿနာ”တို့ကို စကားလုံးတစ်မျိုးနဲ့ပြောတာပဲ ဖြစ်ပါတယ်။

ကျနော်တို့ သတင်းမီဒီယာအများစုဟာ နေရာဒေသအမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ ရပ်တည်ကြရပါတယ်။ ဒါဟာ ကျနော်တို့တိုင်းပြည်ရဲ့ ရှည်ကြာလွန်းတဲ့ ပြည်တွင်းစစ်၊ ဒီမိုကရေစီရေးနဲ့ အမျိုးသားတန်းတူရေး တိုက်ပွဲ အဆက်ဆက် ရဲ့ တိုက်ရိုက်သက်ရောက်မှုတွေကြောင့်ဖြစ်တယ်လို့ ယူဆပါတယ်။ ကျနော့်သဘောကတော့ အကြင် သတင်းမီဒီယာ တစ်ခုဟာ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ AI ခေတ်မှာ ဘယ်နေရာ ဘယ်ဒေသမှာ အခြေစိုက်သလဲ ဆိုတာထက် ဘယ်လိုသတင်းတွေကို တင်ပြနေသလဲ – ဘယ်လိုဖြစ်ရပ်တွေကို ဖော်ပြနေသလဲ – ဘယ်လိုသဘောထားတွေကို ဘယ် လိုစကားလုံး အသုံးအနှုန်းတွေနဲ့ ရေးသားဖော်ပြနေသလဲဆိုတဲ့အချက်ကပဲ အရေးကြီးပါတယ်။ Exile Media ဆိုတဲ့ အသံကြားရပါတယ်။ Exile ဆိုတဲ့ စကားလုံးရဲ့အဓိပ္ပာယ်ကို နိုင်ငံရေးအမြင်အရ မနှစ်မြို့ပါဘူး။ ဒါကြောင့် အဲဒီလို အသုံးအနှုန်းမျိုးကို ကျနော့်တစ်ဦးချင်း မကြိုက်ပါဘူး။ “တိုက်ပွဲဝင် သတင်းမီဒီယာ” ဆိုတဲ့ စကားလုံးပဲ ကျနော်တို့ရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ လက်တွေ့ဘဝနဲ့ ဆီလျော်တယ်လို့ ယူဆပါတယ်။

“တိုက်ပွဲဝင်သတင်းမီဒီယာ” ဆိုတော့ ဘာကို တိုက်ပွဲဝင်တာလဲ လို့မေးလာရင်တော့ “ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းရရှိရေးအတွက် တိုက်ပွဲဝင်နေတာပါ” လို့ဖြေရမှာပါ။ အကယ်၍ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်လာနိုင်တဲ့ အချိန်ကာလမျိုးမှာတော့ ကျနာ်တို့ရဲ့ မီဒီ ယာဟာ “စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ စစ်မှန်ဖက်ဒရယ်ပြည်ထောင်စုကို ထိန်းသိမ်းကာကွယ်တဲ့ လူမျိုးပေါင်းစုံပြည်သူတွေ အကြားမှာ တန်းတူမှုနဲ့ ညီညွတ်သွေးစည်းမှုကို ထိန်းသိမ်းကာကွယ်မြှင့်တင်ပေးတဲ့ “တိုင်းပြုပြည်ပြုမီဒီယာ” ဖြစ်လာ ရမှာပါ။ မီဒီယာရဲ့တာဝန်ကို သက်ဆိုင်ရာတိုင်းပြည်ရဲ့ ပြည်တွင်းပြည်ပ အခြေအနေတွေက ပြဋ္ဌာန်းသတ်မှတ်ပေးတာ ပါ။ ဒီတာဝန်ကို သက်ဆိုင်ရာ မီဒီယာတွေကို ထူထောင်သူ၊ ပိုင်ဆိုင်သူ၊ ဦးစီးကွပ်ကဲသူတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ရွေး ချယ်ထားတဲ့ မီဒီယာမူပေါ်လစီတွေနဲ့အတူ နှစ်သက်သလို လက်တွေ့ အကောင်အထည်ဖော်ကြတာလို့ပဲ နားလည်ပါ တယ်။

ဒါ့အပြင် မိမိတို့သတင်းဌာနကို ဝေဖန်လာကြတဲ့အမျိုးမျိုးသော ဝေဖန်ချက်တွေထဲနေ မိမိသတင်းဌာနရဲ့ တကယ့်လိုအပ်ချက်၊ ချို့ယွင်းချက်ကို ကျကျနန ထောက်ပြထားတဲ့ဝေဖန်ချက်တွေကိုရွေးထုတ်ပြီး အဲဒီလို ဝေဖန် ထောက်ပြချက်တွေဟာ မှန်ကန်ပြီး အကျိုးရှိပါကြောင်းနဲ့ ယခုကဲ့သို့ ဝေဖန်ထောက်ပြမှုများကို လှိုက်လှဲစွာကြိုဆို ဖိတ်ခေါ်ပါကြောင်း သတင်းစကားကို ဝေဖန်ချက်နဲ့အတူ မိမိတို့သတင်းမီဒီယာစာမျက်နှာပေါ်မှာ ယှဉ်တွဲဖော်ပြပေး သင့်ပါတယ်။ ဒါဟာ တစ်နည်းအားဖြင့် ပုတ်ခတ်ဆဲရေးမှုနဲ့ ကြောင်းကျိုးဆီလျော်တဲ့ဝေဖန်ရေး မတူကွဲပြားပုံကို ပိုင်း ခြားပြတာမျိုးလည်း ဖြစ်ပါတယ်။ ဒါဟာ အများပြည်သူကို အသိပညာပေးပုံနည်းလမ်းတစ်ခုပါပဲ။ အချက်အလက်မဲ့ ပုတ်ခတ်ဆဲဆိုနေတာတွေကိုတော့ တုန့်ပြန်စရာ ဘာမှစရာ မရှိပါဘူး။

နိဂုံးမှာပြောချင်တာကတော့ သတင်းမီဒီယာနဲ့ ဥပဒေပါပဲ။ ပုံမှန်အခြေအနေတွေမှာတော့ သတင်းမီဒီယာဌာန တွေနဲ့ သတင်းမီဒီယာသမားတွေကို ဥပဒေက ကာကွယ်စောင့်ရှောက်ပေးရမှာပါ။ ကျနော်တို့တိုင်းပြည်လို တိုက်ပွဲဝင် သတင်းမီဒီယာတွေနဲ့ သတင်းမီဒီယာသမားတွေကိုတော့ ဘယ်လိုဥပဒေကမှ ကာကွယ်စောင့်ရှောက်ပေးထားမှုက လုံလောက်ခြင်းမရှိပါဘူး။ မရှိတဲ့အပြင် အုပ်စိုးသူ စစ်အုပ်စုအဆက်ဆက်က သတင်းမီဒီယာဌာနတွေနဲ့ သတင်းမီဒီယာ သမားတွေကို ရန်သူသဖွယ် ပစ်မှတ်ထားပြီး ဖမ်းဆီးညှင်းပမ်းတာတွေ နောက်ဆုံးမှာ သတ်ဖြတ်တာတွေအထိ ပြုလုပ် နေတာပါ။ ဒါကြောင့် ဒီနေ့အထိ မီဒီယာတွေဟာ ပြည်သူတွေနဲ့အတူ နိုင်ငံရေး လွတ်လပ်ခွင့်အတွက်၊ ဒီမိုကရေစီ အတွက်၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေရတာ ဖြစ်ပါတယ်။