အောက်တိုဘာ ၉ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း–မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့တွင် သူဌေးအမည်ခံဖြင့် လုပ်ကိုင်နေသော မြန်မာဈေးဆိုင်များကို ဒေသထိုင်းအာဏာပိုင်များက ပြန်လည်စစ်ဆေးဖမ်းဆီးမှုများ ယခုရက်ပိုင်းအတွင်း လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
အောက်တိုဘာလ ၇ ရက်နေ့မှ စတင်ကာ မယ်ပကျေးရွာရှိ မြန်မာဈေးဆိုင်တချို့ကို ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ် ရေး၊ မဲဆောက်ရုံးခွဲက အာဏာပိုင်များသည် ဝင်ရောက် စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်ပြီးနောက် မဲဆောက် မြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်ဟု မြန်မာစျေးသည်များက ပြောသည်။
ထို့အပြင် အောက်တိုဘာလ ၈ ရက်နေ့ မနက်ပိုင်း၌လည်း နိုင်ငံခြားသားများ တရားမဝင် အလုပ်လုပ်ကိုင်သည်ဟု ဆိုကာ မဲဆောက်မြို့အတွင်းက အသက် ၃၇နှစ်အရွယ် မြန်မာနိုင်ငံသားပိုင်သော စတိုးဆိုင်တစ်ခုကို ဝင်ရောက် စစ်ဆေးကာ ဖမ်းဆီးခဲ့သေးသည်။
ယင်းသို့ ဖမ်းဆီးမိသူများကို အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်မှု (သို့မဟုတ်) ဥပဒေအရ ခွင့်ပြု သော အလုပ်အမျိုးအစားကို ကျော်လွန်လုပ်ဆောင်မှု စသည့်ပုဒ်မများဖြင့် အရေးယူသွားမည်ဟု အလုပ်သမားအ ရေး ကူညီဆောင်ရွက်သူများက ပြောဆိုသည်။
“မြန်မာတွေ ဈေးရောင်းလို့ မရတာလည်း ဟုတ်ပေမယ့် အတတ်နိုင်ဆုံးကတော့ အထောက်အထား ပြည့်စုံတာ ကောင်းတယ်။ အထောက်အထားဆိုတာက စာရွက်စာတမ်း၊ လိုင်းကြေးဘာညာတို့ပေါ့။ နောက်ပြီးတော့ တားမြစ် ပစ္စည်းတွေ၊ မြန်မာဖြစ်ဆေးလိပ်တို့၊ ကွမ်းယာ၊ အရက် မရောင်းနဲ့၊ မြန်မာကော်ဖီမစ်တွေလည်း ဖမ်းတယ်။ ကိုယ့်လူတွေ လိုင်းပေါ်တင် ဘာညာကြွယ်တော့ စောင့်ကြည့်တာမျိုး ဖြစ်နိုင်တယ်။”ဟု ကုန်ခြောက်ဆိုင်ဖွင့်ထား သော မြန်မာစျေးဆိုင်နှင့် နီးစပ်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

မဲဆောက်မြို့တွင် စျေးရောင်းနေကြသော မြန်မာများကို ယခုကဲ့သို့ ဖမ်းဆီးမှုများ မကြာခဏ လုပ်ဆောင်နေကြ သော်လည်း အလုံးစုံ ပျောက်သွားမှာ မဟုတ်သလို ဖမ်းဆီးကာလအဆုံးတွင်လည်း ပုံမှန်အတိုင်း ပြန်လည်ရောင်း နေကြကြောင်း မဲဆောက်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ဆိုသည်။
“လာဘ်ငွေတွေယူထားပြီးတော့မှ အထက်က ဖမ်းပြခိုင်းတဲ့အခါကျတော့ ဖမ်းတာပေါ့။ အဲ့ဒါတွေ ဘာဖြစ်လဲ။ ဒီမြန်မာတွေပဲ ကျပ်တည်းလာတာပေါ့။ ပြီးတော့လည်း ပုံမှန်အတိုင်း ပြန်ဖြစ်တာပဲလေ။ ပိုက်ဆံက ပေးနေရ တာပဲ။ ဖမ်းခံထိလည်းပေးရ၊ ဖမ်းခံမထိလည်းပေးရ ဆိုတော့။”ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ လုပ်ကိုင်ခွင့်မရှိသော လုပ်ငန်း ၂၇မျိုးရှိသည်။ ထိုအထဲတွင် အတတ်ပညာအခြေ ပြုလုပ်ကိုင်ရသော လုပ်ငန်းအများစု ပါဝင်ပြီး ဖမ်းဆီးခံပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ဘတ် ၅၀၀၀၀ အထိနှင့် ထောင်ဒဏ် (၂)နှစ်၊ အလုပ်လုပ်ကိုင်ခွင့် ပိတ်သိမ်းခံရမည့်အပြင် ပြည်နှင်ဒဏ် ပို့ဆောင်ခံရနိုင်သည်ဟု ထိုင်းအ လုပ်သမားဝန်ကြီးဌာန၊ အလုပ်အကိုင်စီမံခန့်ခွဲရေးဌာန၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းဥပဒေတွင် ဖော်ပြ ထားသည်။
ပြီးခဲ့သည့် ဇွန်လကလည်း စီမံချက်ဖြင့် မြန်မာရွှေ့ပြောင်းအများစု စီးနင်းအသုံးပြုနေကြသော လျှပ်စစ်စက် ဘီးများ၊ သုံးဘီးယာဉ်(ဆမ်လော့)များနှင့် တရားမဝင် မြန်မာဈေးဆိုင်၊ စျေးသည်များကို ထိုင်းအာဏာပိုင်များက စစ်ဆေးဖမ်းဆီးမှု ပြုလုပ်ခဲ့သေးသည်။



















